စစ်အာဏာရှင် စနစ်ကို နှစ်ပေါင်း ၂၀ ကျော်ကြာ ဆန့်ကျင် တော်လှန်နေ သော်လည်း အောင်မြင်မှု မရသေးသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် တရားဝင် ပါတီအဖြစ် ဆက်လက် ရပ်တည် မည်လော သို့မဟုတ် ပါတီ အဖျက်သိမ်း ခံမည်လော ဆိုသည်ကို လာမည့် မေလ ၇ ရက်နေ့ မတိုင်မီ ဆုံးဖြတ်ချက် ချရတော့မည် ဖြစ်သည်။
“ကျနော်တို့တော့ ခေါင်းဆောင်တွေကို ပါတီက ထုတ်ပစ်ရမလား၊ ပါတီကိုပဲ ဖျက်ရတော့မလား အဲဒီလို အခြေအနေ ဖြစ်နေပြီ၊ တကယ့် ကျဉ်းထဲကျပ်ထဲ ရောက်နေပြီဗျာ” ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
စစ်အစိုးရက ရွေးကောက်ပွဲဥပဒေကို မတ်လ ၈ ရက်နေ့၌ ထုတ်ပြန် ကြေညာခဲ့ရာ တည်ဆဲ တရားဝင် နိုင်ငံရေးပါတီများသည် ထို ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ခြင်း မရှိပါက ပါတီ ဖျက်သိမ်းခံရမည် ဖြစ်သည်။
ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်ပါက ဒေါ်ဆောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပစ်ရမည် ဖြစ်သည်၊ အဘယ့်ကြောင့် ဆိုသော် ယင်းဥပဒေက နိုင်ငံရေးပါတီများကို အကျဉ်းကျနေသူများအား ပါတီဝင်အဖြစ် လက်မခံရန် တားမြစ်ထားသောကြောင့် ဖြစ်သည်။
၂၀၀၉ ခုနှစ် သြဂုတ်လတွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ၁၈ လ ထပ်မံ ကျခံရန် စီရင်ချက် ချခဲ့သည်။ ထိုအကျယ်ချုပ်သက်တမ်းသည် နိုဝင်ဘာလတွင်မှ ကုန်ဆုံးမည် ဖြစ်သည်။ ထို့ကြောင့် မေလ ၇ ရက်နေ့ မတိုင်မီ လွတ်မြောက်လာခြင်း မရှိပါက ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့် နိုင်ငံရေး ပါတီတွင်မှ အဖွဲ့ဝင် ဖြစ်ခွင့်၊ ခေါင်းဆောင်ခွင့် ရမည် မဟုတ်တော့ပေ။
“ကျနော်တို့ပါတီက မှတ်ပုံတင်တယ် ဆိုရင် စစ်အစိုးရကို ထပ်တလဲလဲ တောင်းဆိုထားတဲ့ ဖွဲ့စည်းပုံ ပြန်လည် ပြင်ဆင်ရေး ဆိုတာကို ရုပ်သိမ်းရမယ်၊ ပြည်သူလူထုကြားထဲမှာ အရှက်တကွဲ ဖြစ်ဦးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပါတီက ထုတ်ပယ်ရမယ်လို့ အဓိပ္ပာယ် သက်ရောက်နေတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။ “မှတ်ပုံ မတင်ပြန်ရင်လည်း တရားဝင်ပါတီအဖြစ် ဆက်ရပ်တည်လို့ မရတော့ဘူး” ဟု သူက ဆက်ပြောသည်။
ပါတီမှတ်ပုံတင်လျှင် NLD က လက်မခံသည့် ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဟုလည်း အာမခံရမည့် အချက်ကို ဦးဉာဏ်ဝင်းက ထောက်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံ စည်းဝေးနိုင်ရန် ကြိုးစားသွားမည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။ “အစိုးရကို အစည်းအဝေး ကျင်းပခွင့် ပေးဖို့ မေတ္တာရပ်ခံသွားမယ်” ဟု သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ သွယ်ဝိုက်ရည်ညွှန်းပြောဆိုမှုကို ဗုဒ္ဓဟူးနေ့ထုတ် အစိုးရ သတင်းစာများထဲတွင် အသားပေး ဖော်ပြထားသည်။ “မြန်မာသည် မြန်မာ ယောင်ဆောင်ထားသည့် တိုင်းတပါး လက်ကိုင်တုတ် မဖြစ်ရ၊ မြန်မာသည် မြန်မာ ယောင်ဆောင်ထားသည့် တိုင်းတပါးသူလျှို မဖြစ်ရ” ဟု ရှမ်းပြည်နယ်တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။ ပြီးခဲ့သည့်လ အတွင်းကလည်း အလားတူ ပြောဆိုခဲ့ဖူးသည်။
စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ၁၉၉၀ ရွေးကောက်ပွဲ အတွင်း ဒုတိယအများဆုံး မဲရရှိခဲ့သည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ခေါင်းဆောင် ခွန်ထွန်းဦးတို့ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လာမည့် ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရေးအတွက် စနစ်တကျ ပြင်ဆင် ရေးဆွဲထားခြင်း ဖြစ်ကြောင်း နိုင်ငံရေးသမား အများအပြားက ပြောဆိုနေကြသည်။
No comments:
Post a Comment