Wednesday, March 24, 2010

ပိတ်ဆို့နေဆဲ NLD တံခါးများ


Thursday, 11 March 2010 19:19 ကိုထွေး ဧရာဝတီ
 ရုံးခန်းဖွင့်ခွင့်ရပေမယ့် ဖီလင်အောက်တယ်၊ ခေါင်းဆောင်မပါတော့ ခံစားချက်မရှိဘူးပေါ့ဗျာလို့ ဧရာဝတီတိုင်း လပွတ္တာ မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုဥက္ကဋ္ဌ ဦးအေးကြူက ရုံးခန်းများ ပြန်လည် ဖွင့်လှစ်ခွင့်ရတာနဲ့ ပတ်သက်ပြီးတော့ ပြောပါ တယ်။
            အလှူတခုမှာ မင်းအဖေနဲ့အမေ မလာရဘူး မင်းတို့တော့ လာခဲ့ဆိုတော့ ကျနော်တို့ စိတ်ထဲမှာ ဘယ်လိုဖြစ်မလဲလို့လည်း သူက ဆက်လက်ပြောဆိုပါတယ်။
            လပွတ္တာမြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ၊ တရားသူကြီးများ၊ ဥပဒေအကြံပေးများ၊ မြို့မိမြို့ဖများက NLD ရုံးခန်းပြန်လည်ဖွင့်လှစ်ဖို့ ခေါ်ထားတဲ့အတွက် NLD မြို့နယ် စည်းရုံးရေး အဖွဲ့များနှင့်အတူ ဒီနေ့မနက်ပိုင်းမှာ သွားရောက်ခဲ့တယ် လို့ ဆိုပါတယ်။
            ဒါပေမယ့် ဦးအေးကြူမှာတော့ အခက်အခဲတခုရှိနေပါတယ်။ အဲဒါက ဦးအေးကြူတို့ လပွတ္တာမြို့နယ်မှာ အခုအချိန်ထိ NLD ရုံးခန်းဖွင့်ဖို့ နေရာ မရှိသေးဘူးလို့လည်း သိရပါတယ်။
            အရင်က NLD ရုံးခန်းကို ဥက္ကဋ္ဌ ဦးကြည်ဝင်း အိမ်မှာ ဖွင့်လှစ်ခဲ့ပေမယ့်လည်း ဦးကြည်ဝင်းက အိမ်ကိုရောင်းချပြီးတော့ ရန်ကုန်ကို ပြောင်းရွှေ့သွားလို့ အခုအခါ ရုံးခန်း ဖွင့်လှစ်ဖို့ နေရာမရှိသေးတဲ့အတွက် ရှာဖွေနေရတယ်လို့လည်း ဆိုပါတယ်။
            မြို့နယ်ကတာဝန်ရှိတဲ့သူတွေ အစည်းအဝေးထိုင်ပြီးတော့ ဘယ်နေရာမှာ ဘယ်နေ့မှ ဖွင့်မယ်ဆိုတာ အကြောင်းပြန်မယ်၊ ဗဟို အဖွဲ့ချုပ်ကိုလည်း အကြောင်းကြားထားတယ်၊ အာဏာပိုင်တွေကတော့ တတ်နိုင်သမျှ အမြန်ဆုံးဖွင့်စေချင်ပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။
            ရန်ကုန်နဲ့ မန္တလေးတိုင်းရှိ ချိတ်ပိတ်ထားခဲ့တဲ့ NLD ရုံးခန်းတွေကို အာဏာပိုင်တွေက မနေ့ ညနေက စတင်ပြီး ပြန်လည် ဖွင့်နိုင်ပြီ လို့ ရန်ကုန်တိုင်း NLDတာဝန်ခံ ဒေါက်တာ သန်းငြိမ်းကို အာဏာပိုင်တွေ ခေါ်ယူပြောဆိုပြီးတဲ့နောက်မှာတော့ တနိုင်ငံလုံးရှိ NLDရုံးတွေကို ဖွင့်ဖို့ သက်ဆိုင်ရာ မြို့နယ် တာဝန်ရှိသူတွေက စီစဉ်နေခြင်းဖြစ်ပါတယ်။
            တနိုင်ငံလုံးမှာ NLDရုံးပေါင်းဘယ်လောက်ဖွင့်လှစ်ခဲ့သလဲဆိုတာ စာရင်းအတိအကျ မသိရသေးပါဘူး။
            လပွတ္တာ မြို့နယ်လို မြန်မာတနိုင်ငံလုံးမှာ ပြန်လည်ဖွင့်လှစ်ခွင့်ရတဲ့ NLDရုံးခန်းတွေအတွက် တချို့ မြို့နယ်တွေက နေရာ အခက် အခဲနဲ့ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။
            ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ NLDပြည်နယ်ရုံးကို ဖွင့်လှစ်ဖို့ အာဏာပိုင်တွေနဲ့ NLD အဖွဲ့ဝင်တွေ သွားရောက်တဲ့ အခါမှာ အိမ်ပိုင်ရှင်က ရုံးကို ဖြိုဖျက်ရောင်းချလိုက်တယ်လို့ ရခိုင်ပြည်နယ် စည်းရုံးရေးအဖွဲ့ တွဲဖက် အတွင်းရေမှူး ဦးသိန်းလှိုင်က ပြောပါတယ်။
            ဦးသိန်းလှိုင်ကအိမ်ပိုင်ရှင်ကနေပြီးတော့ ဒီရုံးကို ဖြိုပြီးရောင်းလိုက်ပြီလို့ပြောတယ်၊ ချိတ်ပိတ်ထားစဉ်ကတည်းက အာဏာပိုင် တွေရဲ့တာဝန်သာဖြစ်တယ်၊ ခင်ဗျားတို့ ဖြေရှင်းပေးရမယ်လို့ ကျနော်တို့ ပြည်နယ်ဥက္ကဋ္ဌက အဲသလိုပြောခဲ့တယ်လို့ဆိုပါတယ်။
            ဒါကြောင့် ချိတ်ပိတ်ထားခဲ့တဲ့ တာဝန်ရှိ ပြည်နယ်ကော်မရှင်အဖွဲ့ကို တရားစွဲဖို့ ပြင်ဆင်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
            အဲဒီရုံးခန်းကို အခုနှစ် ဖေဖော်ဝါရီလအတွင်း ရောင်းချခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းများစွာ ချိတ်ပိတ်ထားတဲ့အတွက် အခုလို ရောင်း လိုက်တာကို သတိမထားမိလိုက်ဘူးလို့လည်း ဆိုပါတယ်။
            ပဲခူးမြို့နယ် NLD ဥက္ကဋ္ဌ ဦးမြတ်လှကလည်းဝေါနဲ့ သနပ်ပင်ဆိုရင် ရုံးရော၊ ဆိုင်းဘုတ်ရော မရှိတော့ဘူး၊ သူတို့ဘယ်လိုလုပ်မလဲ၊ ဒိုက်ဦးကျတော့ အိမ်ခန်းလေးရှိတယ်၊ ဆိုင်းဘုတ်လေးကလည်း အိမ်ခန်းထဲမှာပဲ အဲဒါ ဘယ်လိုဖြစ်ဦးမလဲမသိဘူးလို့ ပြောပါ တယ်။
            ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းနောက်ပိုင်း အာဏာပိုင်များက NLDရုံးခန်းအားလုံးကို ချိတ်ပိတ်ခဲ့ပြီး အခု ပြန်လည်ဖွင့်လှစ် ခိုင်းရာမှာ ရုံးခန်းအဖြစ် အသုံးပြုခဲ့တဲ့ အိမ်တွေဟာ ထိန်းသိမ်းစောင့်ရှောက်မှု မရှိဘဲ ၇ နှစ်နီးပါး ထားခဲ့ရလို့ ပျက်စီး ဆုံးရှုံးမှုတွေ ရှိတယ်လို့လည်း မကွေးတိုင်း ချောက်မြို့နယ် NLDမှ ဦးမြင့်သိန်းကဆိုပါတယ်။
            အိမ်က ၀င်းထရံတွေကတော့ လုံးလုံးမကျန်တော့ သလောက်ပဲလေ၊ အိမ်က ပြင်ခင်းတွေကလည်း ခြစားကုန်ပါပြီ၊ စာရွက် စာတမ်းတွေကတော့ လှပ်မကြည့်ရသေးဘူး၊ ခြစားလို့ကျန်မယ်မထင်ပါဘူး၊ အမိုးတွေကလည်း ပေါက်ပြဲပြီး မိုးယိုတာလည်း ပါတော့ အောက်က ပြင်ခင်းတွေကလည်း စုတ်ပြဲ ကျိုးကျ အဲသလိုဖြစ်တာပေါ့လို့ သူက ဆက်ပြောပါတယ်။
နတ်မောက်မြို့နယ် NLDမှ ဦးမြင့်ဖေကကျနော်တို့ ဒီနေ့သွားဖွင့်လိုက်တော့ လင်းနို့တွေက အိမ်လုပ်နေတယ်၊ လင်းနို့ချေးတွေ ကလည်း ထုနဲ့ထည်နဲ့ကို အပေါ်ထပ်ရော အောက်ထပ်ရောပါဖြစ်နေတယ်၊ ကျနော်တို့ အဖွဲ့က အခန်းထဲကိုတောင် မ၀င်နိုင်သေး ဘူး၊ အများစုကတော့ ကျနော်ထင်တယ် စာရွက်စာတမ်းတွေအများဆုံး ပျက်စီးလိမ့်မယ်လို့ ထင်တယ်လို့ ရုံးသွားဖွင့်တဲ့ အတွေ့ အကြုံကို ပြောပြပါတယ်။
            နိုင်ငံပိုင် သတင်းစာတွေက တဆင့် မတ်လ ၈ရက်နေ့ကနေ နေ့စဉ်ရက်ဆက်ဆိုသလို ထုတ်ပြန်နေတဲ့ ရွေးကောက်ပွဲ ဥပဒေက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။
            ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ပါတီခေါင်းဆောင်မဆိုထားနဲ့ ပါတီဝင်ဖြစ်ဖို့ကိုပင် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ကန့်သတ်ခဲ့တဲ့ အတွက် ဦးအေးကြူက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
            မနေ့က ရွေးကောက်ပွဲ ဥပဒေဟာ NLDကိုပစ်မှတ်ထားခြင်းဖြစ်တဲ့အပြင် အခုလို NLD ရုံးတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပေးတာဟာ  ဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် ချိန်ခွင်လျှာညှိတဲ့ သဘောမျိုးဖြစ်နေတယ်လို့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဆိုပါတယ်။
            NLD အနေနဲ့လည်း အခုချိန်အထိ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
            ဒါပေမယ့် ဘယ်လိုအခက်အခဲတွေရှိရှိ နိုင်ငံရေးဆိုတာက မပြီးဆုံးသေးတဲ့အတွက် လုပ်စရာရှိတဲ့ အထဲက အကောင်းဆုံးတခုကို ဆက်လုပ်သွားရမှာ ဖြစ်တဲ့ အပြင် NLD ရုံးခန်းကိုလည်း အမြန်ဆုံး ပြန်ဆောက်သွားမယ်လို့ ဦးအေးကြူက ပြောပါတယ်။

No comments:

Post a Comment