Wednesday, March 24, 2010

အင်အယ်လ်ဒီ ပါတီသဘောထား မတ်လ ၂၉ ရက်နေ့ ဆုံးဖြတ်မည်


2010-03-15 RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အလွန် အရေးကြီးတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို လာမဲ့ မတ်လ ၂၉ ရက်နေ့မှာ အပြီးသတ် ဆုံးဖြတ်ဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ဗဟို အလုပ်ကော်မတီဝင်တွေက မတ်လ ၁၅ ရက် ဒီကနေ့ အထူးစုံညီ စည်းဝေးပွဲတရပ် ကျင်းပပြီး အတည်ပြုလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ဒီ အထူးအစည်းအဝေးကို ဗဟို အလုပ်အမှုဆောင် ကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေကိုယ်တိုင် တက်ရောက်ခဲ့ပြီး၊ မကြာသေးမီက စစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအကြောင်း အကျယ်တဝင့် ဆွေးနွေးပြီးတော့ အခုလို ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

ပါတီအတွက် အရေးကြီးတဲ့အချိန် ရောက်နေပြီ ဖြစ်တဲ့အတွက် ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်တွေအားလုံး အလေးအနက်ထား ဆွေးနွေးဆောင်ရွက်ကြဖို့ ဥက္ကဋ္ဌ ဦးအောင်ရွှေက အဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့တယ်လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။

'အခုလိုအချိန်ဟာ တကယ့်ကို အရေးကြီးနေပါပြီ၊ ဒါကြောင့်မို့လို့ ပါတီအတွက်၊ ပါတီအတွက်ဆိုတာလည်း တိုင်းပြည်အတွက်ပေါ့ဗျာ၊ အလွန်အရေးကြီးနေတဲ့ အချိန်မှာ အဲဒီ ရှေ့ ဖြစ်နိုင်တဲ့ အလားအလာတွေ ဒီဥပဒေတွေရဲ့ အလားအလာတွေကို ဆွေးနွေးကြပါလို့၊ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပါ၊ လေးလေးနက်နက် ဆွေးနွေးကြပါလို့ သူက အဲလို သြဝါဒပေးပါတယ်။ က္ဆွန်တော်တို့လည်း အဲဒါကြောင့်မို့ လေးလေးနက်နက် ဆွေးနွေးကြပါတယ်၊ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပါတယ်။'

ဒါ့အပြင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နှစ်စဉ်ကျင်းပတဲ့ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို စီစဉ်ထားတဲ့အတိုင်း ကျင်းပသွားဖို့ ဒီကနေ့ အစည်းအဝေးမှာ ထပ်မံ အတည်ပြုလိုက်တယ်လို့ သိရပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလွန်းတင် ၊ ဦးလွင်နဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်မှအပ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံးနဲ့ ဗဟို အလုပ်ကော်မတီဝင်တွေ အားလုံး စုံစုံညီညီ တက်ရောက်ခဲ့ကြပါတယ်။

ပါတီပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်နဲ့ RFA အဖွဲ့သား ဒေါ်ခင်ခင်အိ ဆက်သွယ် မေးမြန်းထားပါတယ်။

No comments:

Post a Comment