Wednesday, March 24, 2010

နိုင်ငံအနှံ့ပါတီရုံးတွေ ပြန်ဖွင့်ခွင့်ပေးပေမဲ့ မိတ္ထီလာမြို့နယ်ရုံးကို ပြန်ဖွင့်ဖို့ အာဏာပိုင်တွေ ပိတ်ပင်


2010-03-16 RFA
စစ်အစိုးရက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေ ထုတ်ပြန်ပြီးတဲ့နောက် အရင်က ပိတ်ထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွေကို နိုင်ငံအနှံ့ ပြန်လည် ဖွင့်လှစ်ခွင့်ပြုနေတဲ့အတွက် မိတ္ထီလာမြို့နယ် အဖွဲ့ချုပ်ရုံးကို လာမည့် ၁၇ ရက်နေ့မှာ စတင်ဖွင့်လှစ်ဖို့ ရှိကြောင်း မြို့နယ်ကော်မရှင်ရုံးကို မတ်လ ၁၆ ရက် ဒီကနေ့ အသိပေး အကြောင်းကြားရာမှာ ဖွင့်ခွင့် မပြုကြောင်းနဲ့ ဖွင့်ခဲ့ရင် ဥပဒေအရ အရေးယူမယ်လို့ အကြောင်းပြန်ခဲ့ကြောင်း သိရပါတယ်။

မြို့နယ်ကော်မရှင်ကနေ စာနဲ့အကြောင်းပြန်ခဲ့တဲ့အကြောင်း မိတ္ထီလာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေး က RFA ကို အခုလို ပြောပါတယ်။

'ကျမတို့ဒီနေ့စာပို့တဲ့အခါမှာ နေ့လည်မှာ ကော်မရှင်ကနေပြီးတော့ မိတ္ထီလာမြို့နယ် မယက ဥက္ကဌ ဦးကျော်ဆွေ လက်မှတ်ရေးထိုးပြီးတော့ ကျမဆီကို စာပြန်လာတဲ့အခါမှာ ဥပဒေ လုပ်ထုံးလုပ်နည်း ညွန်ကြားချက်များနဲ့ မညီတဲ့အတွက် နိုင်ငံရေးပါတီရုံး ဖွင့်လှစ်ခြင်းနဲ့ ဆိုင်းဘုတ်တင်ခြင်းကိစ္စ ဆိုပြီးတော့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂ မျဉ်းစောင်း ၂ဝ၁ဝ၊ မတ်လ ၈ ရက်နေ့က ထုတ်ပြန်တဲ့ အဲဒီ ဥပဒေအရ ဆိုလို့ရှိရင် မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၅ အရ ကော်မရှင်ခွင့်ပြုချက် ရရှိမှသာ ဒီဟာတွေ လုပ်လို့ရမယ်ပေါ့၊ ပါတီရုံးသစ် ဖွင့်ခြင်းတွေ ဆိုင်းဘုတ်တင်ခြင်းတွေပေါ့၊ အခုတော့ ဒီညွန်ကြားချက် ခွင့်ပြုချက် မရှိပဲနဲ့ နိုင်ငံရေးပါတီ ရုံးအသစ် ဖွင့်လှစ်ခြင်း ဆိုင်းဘုတ်တင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ကြိုတင် အသိပေး အကြောင်းကြားအပ်ပါသည်ဆိုပြီး ကျမဆီ လာပို့တော့။'

မိတ္ထီလာမြို့ နတ်သျှင်နောင်လမ်းက အဖွဲ့ချုပ်ရုံးဟာ တရားဝင် ဖွင့်လှစ်ခဲ့တဲ့ရုံး ဖြစ်တာကြောင့် မြို့နယ်ကော်မရှင်က အခုလို အကြောင်းကြားလာတဲ့စာကို သိရှိကြောင်း လက်မှတ် ထိုးမပေးခဲ့သလို လာမည့် ၁၇ ရက်နေ့မှာ အဖွဲ့ချုပ်ရုံးကို ဖွင့်ဖြစ်အောင် ဖွင့်မှာဖြစ်ပြီး ပုံမှန်လုပ်ငန်းတွေကို ပြန်လုပ်ကြမယ်လို့ ဒေါ်မြင့်မြင့်အေးက ဆက်ပြောပါတယ်။

'ကျမတို့ မိတ္ထီလာရုံးက ပါတီအသစ်လည်းမဟုတ်ဘူး ကျမအိမ်မှာ ရုံးကို ၉၉ ခုနှစ် မတ်လ ၂၉ ရက်နေ့က စတင် လက်ခံခဲ့တယ်၊ ကျမတို့ တရားဝင် အဲန်အယ်လ်ဒီပါတီဝင်တွေနဲ့ ရုံးဖွင့်ခဲ့တာပါ၊ ပါတီရုံးအသစ်လည်း မဟုတ်တဲ့ အတွက်ကြောင့် ကျမတို့ကတော့ အခုလောလောဆယ်မှာ ဒီလိုမျိုး ပိတ်ပင်တားဆီးမှုကို ကျမအနေနဲ့ လက်မခံနိုင်တဲ့အတွက်ကြောင့် လာပေးတဲ့စာကို ကျမကနေပြီးတော့ လက်မှတ်ထိုးပြီးတော့ ယူမထားဘူး၊ ကျမတို့က တလျှောက်လုံးလည်း လုပ်လာတယ်၊ အဲ့တော့ ကျမတို့က ဆက်ပြီးတော့လည်း ရုံးက ဖွင့်မှာ။'

မိတ္ထီလာမြို့နယ် အဖွဲ့ချုပ်ရုံး ပြန်ပြီး ဖွင့်လှစ်ဖို့ကို မတ်လ ၁၄ ရက်နေ့က မြို့နယ်စည်းအဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment