Wednesday, March 24, 2010

ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို


2010-03-14 RFA
ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (Members of Parliament Union- MPU) က ဦးဆောင်ပြီး စစ်အစိုးရရဲ့ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲဥပဒေနဲ့ ပတ်သက်တဲ့ သုံးသပ်ဆွေးနွေးပွဲတရပ်ကို ဖဒိုမန်းရှာလာဖန်း ခမ်းမမှာ ဒီကနေ့ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားမှာ စစ်အစိုးရရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ စစ်အစိုးရ ကြေညာထားတဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေ အားလုံးဟာ တရားမျှတမှု မရှိတဲ့အတွက် ၂ဝ၁ဝ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ဖျက်သွားမယ်လို့ MPU ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

MPU အနေနဲ့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလာဒ်ကို အခြေခံပြီး ကြားဖြတ်အစိုးရတရပ် ထူထောင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာပြည်တွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဖြစ်စေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အနေနဲ့ ဖြစ်စေ အခု လက်ရှိကာလအတွင်း ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ MPU ရဲ့ အထွေထွေအတွင်းရေးမှူး၊ မန္တလေး အနောက်တောင်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းဦးက

'ကျနော်တို့ ဒီ ၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ကျင့်သုံးပြီးတော့ မြန်မာပြည်ထဲမှာ အစိုးရ ဖွဲ့သင့်တယ်ဆိုတာကတော့ ၁၉၉ဝ ခုနှစ် သြဂုတ်လ ၂၇၊ ၂၈၊ ၂၉ ဂန္ဒီ အစည်းအဝေးခမ်းမမှာကိုက ထောက်ခံပြီးသားပါ၊ အစိုးရအဖွဲ့က အထဲမှာကို ဖွဲ့ကို ဖွဲ့ရမယ်၊ သုံးကို သုံးရမယ်၊ အဲဒီမှာ တက်လာခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံးက Mandate ပေးပြီးသား။ ဒါကြောင့်မို့ အစိုးရဖွဲ့ဖို့ပဲ လိုတော့တယ်'

စစ်အစိုးရရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဥပဒေတွေ ထုတ်လိုက်တဲ့အတွက် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ဟာ ပျက်ပြယ်မသွားဘူးလို့ MPU အနေနဲ့ ကြေညာကြောင်းနဲ့ ဥပဒေအရ စစ်အစိုးရကို ထိပ်တိုက် စိန်ခေါ်လိုက်တယ်လို့လည်း MPU အဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံတွင်း စစ်အစိုးရကို ဖယ်ရှားပြီး ဒီမိုကရေစီအစိုးရတရပ် ပေါ်ထွန်းရေးအတွက် ယခု လက်ရှိကာလမှာ ဘုံရန်သူကို ညီညီညွတ်ညွတ်နဲ့ တိုက်ဖို့လိုကြောင်း ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် MPU အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါ်စန်းစန်းက အခုလို ပြောပါတယ်။

'လုပ်ဖို့က ဘာတွေလိုသလဲ ဆိုလို့ရှိရင် ကျမတို့က အသံညီဖို့ လိုတယ်၊ အလုပ်တူဖို့လိုတယ်၊ ညီညွတ်ဖို့ လိုတယ်။ ဘုံရန်သူကို ဘုံလမ်းစဉ်နဲ့ ညီညီညွတ်ညွတ် တိုက်ဖို့လိုတယ်။ အဲဒီတော့ ကျမတို့က စစ်က္ဆွန်အဖြစ်၊ နွံနစ်မခံ၊ ကိုယ်ရှင်သူသေ၊ ညီညီညွတ်ညွတ် တိုက်ပွဲဝင်ကြပါစို့လို့ တပ်လှန့် နိုးဆော်ပါတယ်'

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (Members of Parliament Union- MPU) ကို ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိလာတဲ့ ၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ၁၉၉၆ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။

အခုလို ကြားဖြတ်အစိုးရ ဖွဲ့စည်းဖို့ တောင်းဆိုလိုက်တာနဲ့ ပတ်သက်လို့ MPU အဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးသိန်းဦးကို RFA ဝိုင်းတော်သား ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

No comments:

Post a Comment