Wednesday, April 14, 2010

ဒေါ်အောင်ဆန်းစုကြည်ကို ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးခွင့်ပြု


2010-04-12 RFA
နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးအခြေအနေနဲ့ ပတ်သက်ပြီး ဆေးစစ်ဖို့အတွက် ဧပြီ ၁၁ ရက် မနေ့ညက ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို သွားရောက်ခဲ့ရတယ်လို့ သိရပါတယ်။ ရန်ကုန်ဆေးရုံကြီးကို ည ၉ နာရီ ၁၅ မိနစ်ခန့်မှာ အာဏာပိုင်တွေက ဆေးရုံသွားရောက် စစ်ဆေးခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ စစ်အစိုးရ အရာရှိတွေကို ကိုးကားပြီး အေအက်ပီနဲ့ ဒီပီအေ သတင်းဌာနတွေက ပြောပါတယ်။
အေအက်ပီသတင်းဌာနရဲ့ အဆိုအရ ဆေးရုံမှာ ၄၅ မိနစ်ကြာ စစ်ဆေးမှု ခံယူပြီးနောက် ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ပြန်သွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ စစ်အစိုးရ အရာရှိတဦးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဆေးရုံကို သွားရတဲ့ သတင်းနဲ့ ပတ်သက်လို့ သူ့ရှေ့နေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီပြောခွင့်ရသူ ဦးဥာဏ်ဝင်းကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ ဒီလို ဆေးရုံကို သွားရတာနဲ့ ပတ်သက်လို့ မသိရှိရသေးကြောင်း RFA ကို ဒီကနေ့မနက်မှာ ပြောကြားပါတယ်။
ကျွန်တော်တို့ သွားတွေ့တာက ဧပြီလ ၇ ရက်နေ့ပါ။ ကျွန်တော်တို့ တွေ့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကတော့ ကျွန်တော်တို့ မျက်မြင်အားဖြင့်တော့ ဘာမှ မရှိဘူး၊ ကောင်းနေပါတယ်။ ဒါပေမဲ့ ကျွန်တော် နားလည်လိုက်တာက ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ check-up လုပ်ဖို့ ရှိနေတယ်ဆိုတာကို ကျွန်တော် သိခဲ့တယ်။

No comments:

Post a Comment