Tuesday, April 13, 2010

မြန်မာကို အဖွဲ့ကထုတ်ပယ်ဖို့ အရှေ့တောင်အာရှအမတ်များတိုက်တွန်း


2010-04-07 RFA

မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကျင်းပပေးဖို့ မြန်မာစစ်အစိုးရက ပျက်ကွက်တဲ့အတွက် အာဆီယံအဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းထားပြီး၊ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်ဖို့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ လွှတ်တော် ကိုယ်စားလှယ် ၁ဝဝ ကျော်က အာဆီယံ အဖွဲ့ကြီးကို ဧပြီ ၇ ရက် ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

မနက်ဖြန်ဗီယက်နမ်နိုင်ငံမှာ စတင်ကျင်းပမဲ့ အာဆီယံ နှစ်ပတ်လည် ထိပ်သီး အစည်းအဝေးကနေ မြန်မာနိုင်ငံကိစ္စကို အရေးပေါ် ဆွေးနွေးပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေက စာရေးသား တောင်းဆိုထားပါတယ်။

စစ်အစိုးရက ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ အများယုံကြည် လက်ခံ နိုင်လောက်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်လိုက်ကြောင်း၊ ဒါ့အပြင် ဒီဥပဒေတွေအရ ပါဝင်သင့်သူ အားလုံး ပါဝင်နိုင်ခွင့် မရှိသလို၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပါတီကနေ ထုတ်ပယ်ခံရအောင် ပြုလုပ်ထားကြောင်း စသည်ဖြင့် မြန်မာနိုင်ငံ အခြေအနေတွေကို ရေးသား ဖော်ပြထားပါတယ်။

အခုလို အာဆီယံ လွှတ်တော်ကိုယ်စားလှယ်တွေက စာရေးသား တောင်းဆိုလိုက်တာနဲ့ ပတ်သက်ပြီး AIPMC အဖွဲ့ရဲ့ ညွန်ကြားရေးမှူးချုပ် မစ္စတာ ရိုစဟန်ဂျေဆင်က အခုလို ရှင်းပြပါတယ်။

အာဆီယံ လွှတ်တော်ကိုယ်စားလှယ်တွေ တောင်းဆို အကြံပြုထားတာကတော့ အာဆီယံ ထိပ်သီး ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်ကိစ္စကို ဆွေးနွေးလာတာ ကြာပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲ ဥပဒေတွေ နဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းကို ပြန်လည် သုံးသပ်ပြင်ဆင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ တွေ့ဆုံဆွေးနွေဖို့ စတာတွေကို သဘောတူညီချက် ရအောင် ဒီတကြိမ် နောက်ဆုံးထား ဆွေးနွေးသင့်ကြောင်း၊ ဒီတကြိမ်မှာမှ သဘောတူညီမှု မရရင်၊ မြန်မာစစ်အစိုးရကို အဖွဲ့အဖြစ်က ရပ်ဆိုင်းပြီး အရေးယူမှုတွေကို စတင်ပြုလုပ်ဖို့ အကြံပြု တင်ပြထားတာ ဖြစ်ကြောင်း မစ္စတာ ရိုဟန်ဂျေစင်က ပြောပြသွားပါတယ်။

အခုလို တောင်းဆိုရတာဟာ မြန်မာစစ်အစိုးရဟာ အာဆီယံ ပဋိညာဉ်စာတမ်းကို ဖောက်ဖျက်ကျူးလွန်တဲ့အတွက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်မှတ်ရေးထိုး တောင်းဆိုလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၁ဝဝ ကျော်ဟာ AIPMC အဖွဲ့မှာ ပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေတင်မကပဲ မြန်မာ့အရေး ထောက်ခံအားပေးတဲ့ ကမေႝာဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် နဲ့ စင်ကာပူနိုင်ငံတွေက လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပါဝင်ကြောင်း သိရပါတယ်။
အာဆီယံအဖွဲ့ရဲ့ သူတပါး ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရေး မူဝါဒအရ မြန်မာစစ်အစိုးရဟာ အာဆီယံ အဖွဲ့ကြီးရဲ့ ဝေဖန်အရေးယူမှုကနေ ကင်းလွတ်ခွင့် ရနေပါတယ်၊ ဒါပေမဲ့ အဖွဲ့ဝင်နိုင်ငံ တခိျု့ကတော့ သီးခြား ဝေဖန်ပြောဆိုတာတွေ ရှိပါတယ်။

No comments:

Post a Comment