Wednesday, April 14, 2010

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်


2010-04-11 RFA
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD က သူတို့ပါတီအနေနဲ့ ပါတီမှတ်ပုံတင်မှာ မဟုတ်သလို စစ်အစိုးရရဲ့ လာမယ့် ရွေးကောက်ပွဲကိုလည်း ဝင်ပြိုင်မှာ မဟုတ်ဘူးလို့ ရန်ကုန်မြို့မှာ ဧပြီလ ၁၀ ရက် စနေနေ့က ကျင်းပတဲ့ အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
ဘာ့ကြောင့် အဲဒီလို ဆုံးဖြတ်ရတယ်ဆိုတာနဲ့ ပတ်သက်လို့ ALD ပါတီ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က RFA ကို အခုလိုပြောပါတယ်။
၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေဟာ တိုင်းရင်းသားများရဲ့ အခွင့်အရေးကိုလည်းပဲ ဖော်ဆောင်ပေးနိုင်မယ့် ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေ မဟုတ်ဘူး။ ဒီမိုကရေစီရေး လူ့အခွင့်အရေးတွေကိုလည်း အာမခံချက် ပေးမယ့် ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေ မဟုတ်ဘူး။ ပြီးတော့ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင်ဥပဒေ၊ ပါတီမှတ်ပုံတင် ဥပဒေ၊ ဒါတွေကို ကြည့်လိုက်မယ်ဆိုရင်လည်း နိုင်ငံရေးပါတီတွေကို ကွပ်ကဲ ချုပ်ကိုင်မယ့် ဥပဒေတရပ်ဖြစ်တယ်။ တရားမျှတမှု မရှိတဲ့ ဥပဒေတွေ ဖြစ်တဲ့အတွက်ကြောင့် ဒါတွေကို အကြောင်းပြုပြီးတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီအနေနဲ့ မှတ်ပုံတင်မှာလည်း မဟုတ်သလို ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဝင်ရောက်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ချက် ချပါတယ်
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD အနေနဲ့ ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင်ဘူး ဆိုပေမယ့် တိုင်းရင်းသားအရေး၊ မြန်မာပြည်သူတွေအရေးအတွက် ရှေ့ဆက် လုပ်ဆောင်သွားမယ်လို့လည်း ဦးအေးသာအောင်က ပြောပါတယ်။
လက်ရှိ လတ်တလောအခြေအနေမှာ ဒီမိုကရေစီ အခွင့်အရေးတွေရဖို့၊ လူ့အခွင့်အရေးတွေ ရဖို့၊ တိုင်းရင်းသားများရဲ့ အခွင့်အရေးတွေရဖို့၊ ပြည်နယ်တွေရဲ့ ရပိုင်ခွင့်တွေ ရဖို့အတွက် ရခိုင်အမျိုးသားများဟာ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားဖို့ လိုပါတယ်။ ထို့အတူပဲ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ခေါင်းဆောင်များကလည်းပဲ ဆက်လက်ပြီးတော့ ကြိုးပမ်းသွားမှာပါ။ ဘယ်လိုလဲဆိုတော့ ကျနော်တို့ဟာ နိုင်ငံသားများရဲ့ အခွင့်အရေး၊ တိုင်းရင်းသားများရဲ့ အခွင့်အရေး၊ တနည်းအားဖြင့် ၉၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်သူတွေက  အများစုမဲဆန္ဒ ပေးလိုက်တဲ့ အဖွဲ့အစည်းတရပ်လည်း ဖြစ်တဲ့အတွက်ကြောင့် ဒီတာဝန်တွေကို ဖြစ်တဲ့နည်းနဲ့ ဆက်လက် ဆောင်ရွက်သွားဖို့ သဘောထားတွေ ရှိကြပါတယ်
၁၉၈၈ခုနှစ် လူထုအုံကြွမှုအပြီး ပေါ်ပေါက်လာခဲ့တဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD ဟာ ၁၉၉၀ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်မြေ ၂၆ ခုမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့ရာမှာ  ၁၁ နေရာ အနိုင်ရခဲ့ပါတယ်၊ ဒါပေမယ့် ၁၉၉၂ ခုနှစ်နောက်ပိုင်းမှာ ALD ပါတီကို စစ်အစိုးရက ဖျက်သိမ်းခဲ့ပါတယ်။
ALD ပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဦးစောမြအောင်နဲ့ ဒုဥက္ကဋ္ဌ ၂ ဦး၊ အထွေထွေအတွင်းရေးမှူး ဦးအေးဖေတို့ကတော့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ မနေ့က ကျင်းပတဲ့ ALD ပါတီ အရေးပေါ်အစည်းအဝေးမှာ ရခိုင်ခေါင်းဆောင်တဦးဖြစ်သူ ဦးသာဘန်းကို ဒု-ဥက္ကဋ္ဌအဖြစ် တင်မြောက်ခဲ့ကြပါတယ်။ ပါတီရဲ့ ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူး နေရာတွေကိုတော့ နောင် ပါတီညီလာခံ ခေါ်ယူနိုင်တဲ့ အချိန်မှသာ ပြန်လည်အစားထိုးမယ်လို့ သိရပါတယ်။

No comments:

Post a Comment