Wednesday, April 14, 2010

အန်အယ်လ်ဒီ မှတ်ပုံမတင်တဲ့ကိစ္စ လူငယ်တာဝန်ခံတွေ လိုက်လံရှင်းပြ

2010-04-10 RFA
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဆက်လက် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်တဲ့ကိစ္စနဲ့ အောက်ခြေပါတီဝင်တွေ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို မန္တလေးတိုင်း အန်အယ်လ်ဒီ ဗဟိုလူငယ် လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ တာဝန်ခံတွေက စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်ရက်ကစပြီး ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။

ဒီကနေ့ မန္တလေး အရှေ့တောင်မြို့နယ် လူငယ်တာဝန်ခံ မနှင်းပပ နေအိမ်မှာ မန္တလေးတိုင်း ၁၃ မြို့နယ်က လူငယ်တာဝန်ခံတွေ စုစည်းပြီး ဆွေးနွေးပွဲ လုပ်ခဲ့တဲ့အကြောင်းကို ဗဟိုလူငယ် လုပ်ငန်းဖော်ဆောင်ရေး တာဝန်ခံတဦးဖြစ်သူ ကိုလှဦးက အာအက်ဖ်အေကို ရှင်းပြပါတယ်။
“အဓိက လုပ်ရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ပါတီက ဆက်လက်ပြီးတော့ ဘာကိစ္စကြောင့် မှတ်ပုံမတင်တာလဲ ဆိုတာကို ကျနော်တို့ ရှင်းလင်းတယ်။ ကျနော်တို့ ပါတီက မှတ်ပုံမတင်ဘူး၊ မတင်ပေမယ့် လက်ရှိ အစုအစည်းနဲ့ လက်ရှိ လုပ်ငန်းလုပ်နေတဲ့ ကိစ္စတွေကို ဆက်လက်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဥပဒေဘောင်အတွင်းကပဲ ဆက်လုပ်သွားမယ် ပါ့ဗျာ။ ဥပမာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အလုပ်သမားရေး၊ နောက် တောင်သူလယ်သမားအရေး၊ နောက်တခါ ကလေးစစ်သား ကိစ္စတွေပေါ့ဗျာ။ လုပ်အားပေးကိစ္စတွေ၊ ဘယ်လိုလုပ်ပြီး လူထုရှေ့ကနေပြီးတော့ လူထုလိုချင်တဲ့ လူ့အခွင့်အရေးကို အပြည့်ရအောင် လုပ်ပေးနိုင်မယ်ဆိုတာကို ရှင်းလင်းပြကြတယ်ပေါ့ဗျာ”
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မလာမချင်း လက်ရှိ ရှိနေတဲ့ လူငယ်တွေ စည်းစည်းလုံးလုံးရှိနေပြီး လူထုခေါင်းဆောင်နဲ့အတူ ရှိနေရင် အောင်မြင်အောင် လုပ်နိုင်မယ်လို့ အမေရိကန် လူမည်းခေါင်းဆောင် မာတင်လူသာကင်းကို ဥပမာပေးပြီး ကိုလှဦးက ဆက်ပြောပါတယ်။
“အဓိက ရှင်းပြတာကတော့ အမေရိကန်မှာ လုပ်သွားတဲ့ မာတင်လူသာကင်းဟာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းမှ မရှိဘဲနဲ့ သူ့ရဲ့ အကြမ်းမဖက် လှုပ်ရှားရေးနဲ့ပဲ သူ့ရဲ့ လူဖြူလူမည်း ပြဿနာကို ဖြေရှင်းခဲ့တာဟာ သူဟာ အမျိုးသားခေါင်းဆောင် အနေနဲ့ သတ်မှတ်သလို ကျနော်တို့ရဲ့ လက်ရှိ အနေအထားမှာလည်း ကျနော်တို့ရဲ့ခေါင်းဆောင်ဟာ အမျိုးသား ခေါင်းဆောင် အနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရှင်သန်အောင် လုပ်မယ့်ခေါင်းဆောင်ဆိုတာကို ကျနော်တို့ ခေါင်းဆောင် ပြန်မလာခင်လေးမှာ ကျနော်တို့ရဲ့ အစုအစည်း၊ ကျနော်တို့ရဲ့ အဖွဲ့အစည်းက ညီညီညွတ်ညွတ်နဲ့ ထိန်းသိမ်း ထားပြီးတော့ ကျနော်တို့ခေါင်းဆောင် ပြန်လာရင် သူလုပ်ချင်တဲ့ ဒီမိုကရေစီရေး လူ့အခွင့်အရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို တစုတစည်းထဲ သူ့ရဲ့ ဦးဆောင်မှုနောက်မှာ ဝိုင်းဝန်းပြီးတော့ ပံ့ပိုးပြီးတော့ ကျနော်တို့ စုစည်းနေတာပါ

No comments:

Post a Comment