Sunday, April 25, 2010

အဖွဲ့ချုပ်က စစ်အစိုးရကို တရားစွဲရန်ပြင်

နန်းခမ်းကယောက် ၂၂ ဧပြီ ၂ဝ၁ဝ –DVB


၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့ စစ်အစိုးရကို တရားစွဲဆိုရေး တရားရုံးချုပ်ဆီ တောင်းဆိုဖို့ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ စာရင်း စတင်ကောက်ခံနေပြီလို့ ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲတုန်းက ရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အာဏာပိုင်တွေရဲ့ ဟန့်တားနှောင့်ယှက်မှုကို ခံရတဲ့အပြင်၊ လူထုဆန္ဒနဲ့အညီ လုပ်ကိုင် ခွင့်မရတဲ့အတွက် ပြည်သူတွေရဲ့ ဆန္ဒ နစ်နာနေမှုကို တရားရုံးချုပ်ဆီ လက်မှတ်ထိုးပြီး လျှောက်လဲဖို့ ဖြစ်ပါတယ်။


ဒါကြောင့် အဖွဲ့ချုပ်ဥပဒေအထောက်ကူပြုလုပ်ငန်းအဖွဲ့က အဖွဲ့ချုပ်ရုံးရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နယ်မြို့ရှိ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေရဲ့ လက်မှတ်တွေ စတင်စုဆောင်းနေတယ်လို့ ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။


“ကျနော်တို့ ရုံးမှာ လာတက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စာရင်း ကောက်ပြီး လုပ်တဲ့အပြင် နောက်ပြီးတော့ နယ်တွေမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဆက်သွယ်ပြီးတော့ ကိုယ်စားလှယ်တွေ လက်မှတ်စုပြီး သူတို့နည်း သူတို့ဟန်နဲ့ ပို့ဖို့ အသုတ်လိုက် အသုတ်လိုက်ပေါ့လေ၊ ဆိုပါတော့ ကျနော်တို့ ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်နှစ်ယောက်၊ နောက် ပြီးတော့ အလုပ်အမှုဆောင်အဖွဲ့က လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းနဲ့ သူတို့ အဖွဲ့က ဘယ်နှစ်ယောက် အဲလိုတွဲတွဲ ပြီးတော့ တင်မှာပဲလေ၊ အမှန်တော့ ဆောင်ရွက်ပေးတာ မပေးတာတော့ သူတို့ကိစ္စပဲ။ တင်တာကတော့ တရားဥပဒေကြောင်း အရ နစ်နာတာကတော့ တင်မှာပဲလေ။ တင်ပြီးတော့ ဆောင်ရွက်လာနိုင်မယ့် နည်းလမ်းတွေ ရှာပြီးတော့ ထပ်ပြီး ဆောင်ရွက်သွားမှာပဲလေ။”


တဆက်တည်းပဲ မကြာခင်မှာ ပါတီရုံး ပိတ်ရမယ့် အခြေအနေအရ နိုင်ငံရေး အကျဉ်းသားမိသားစု ဝင်တွေအတွက် ကူညီထောက်ပံ့နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူမှု အထောက်အကူပြု လုပ်ငန်းကို မေလကုန်မှာ ခဏ ဆိုင်းထား တယ်လို့ ပါတီဝင်တွေက ပြောပါတယ်။ နိုင်ငံရေးနဲ့အကျဉ်းကျနေတဲ့ အဖွဲ့ချုပ်ဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေ အတွက် လူမှုအထောက်ကူပြု လုပ်ငန်းအဖွဲ့က တလကို ကျပ်ငွေ ငါးထောင်စီ ကူညီထောက်ပံ့ နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မေလ ၇ ရက် နောက်ပိုင်း ပါတီ ဖျက်သိမ်းရမယ့် အနေအထားကြောင့် လစဉ်ပံ့ပိုးပေးနေသူတွေကို မေလအတွက် ကြိုတင် ငွေထုတ်ပေးထားပြီး၊ အကူအညီ ပေးမှုကို ခဏ ဆိုင်းထားတယ်လို့ သူတို့က ပြောပါတယ်။


အခုလို လူမှုအထောက် အကူပြုလုပ်ငန်းကို ဆိုင်းလိုက်တဲ့အပေါ် လူမှုအထောက်အကူပြု လုပ်ငန်းအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးတင်ဦးကို မေးကြည့်ရာမှာ အခုလို ပြောပါတယ်။


“သူတို့အတွက် ကြိုတင်ပြီးတော့ ပေးလိုက်ပြီလေ၊ ပေးလိုက်ပြီးတဲ့ နောက်ပိုင်းမှာ မရပ်ပါဘူး။ ပါတီအဖွဲ့အစည်း အနေနဲ့သာ ရုံးကန္နားမရှိပေမယ့် ရတဲ့ ပြည်သူလူထုက လှူထားတာနဲ့ ပတ်သက်လို့ ကျန်တဲ့ လက်ကျန်ငွေတို့ ဘာတို့ကျတော့ ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ ဆက်စပ်ပြီးတော့ ပေးသွားနိုင်အောင် လုပ်မှာပဲ။ ကျနော်တို့က လုပ်ရမှာက ဆက်ပြီးလုပ်ရမှာက ဧပြီလ ကုန်လို့ မေလကျတော့ စီစဉ် တာနဲ့ ဘာနဲ့ အဆက်သွယ်လုပ်တာနဲ့ မရဖြစ်မှာ ဆိုးတဲ့အတွက် ၅ လပိုင်းက ပေး လိုက်ပြီ၊ သူတို့ကို ၆ လပိုင်းကို ဘယ်လိုလုပ်မယ်ဆိုတာ သူတို့ကို ဆက်သွယ်ပြီး အ ကြောင်းကြားပြီးတော့ ယူနိုင်တဲ့နည်းတွေ ရုံးကန္နားတော့ မရှိဘူးပေါ့။ သို့သော်လည်း ပေးလို့ရတဲ့နည်းနဲ့ ဆက်သွယ်ပြီးတော့ ပေးစရာ ရှိတာတွေ တော့ ပေးသွားမယ်၊ တခုတော့ရှိတယ်၊ အရင်တုန်းကလို အလှူအတန်းနဲ့ ပတ်သက် ပြီးတော့ လာနိုင်မယ့်ဟာ အခြေအနေ ကြည့်ပြီး ပေးရမှာပေါ့။ အရင်တုန်းကတော့ လာပြီးလှူတဲ့လူတွေက သူတို့နည်းနဲ့ အဆက်အသွယ် ရှိတော့ ပေးလို့လွယ်တယ်။ အခုဟာက အဆက်အသွယ် နည်းနည်း ပြန်ညိ‡ရမယ့် အခါကျတော့ အခက်အခဲ နည်းနည်းပါးပါးတော့ ရှိချင်ရှိမှာပေါ့။”


လူမှုအထောက်အကူပြုလုပ်ငန်းအဖွဲ့ကို ၂ဝဝ၂ ခုက စနစ်တကျ ဖွဲ့စည်းပြီး ဥက္ကဌ အဖြစ် ဦးတင်ဦးက တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး ဒီလုပ်ငန်းကို တိုင်းနဲ့ ပြည်နယ် မြို့နယ်တွေအထိ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ပါတီရုံး မရှိတဲ့နောက်ပိုင်း အကူအညီပေးမှု အခက်အခဲ ရှိနိုင်ပေမယ့် လူသားချင်းအကူအညီပေးရေး အစီစဉ်အနေနဲ့ ဆက်လက် ကူညီပံ့ပိုးသွားမှာပါလို့ ဦးတင်ဦးက ပြောသွားပါတယ်။


အခုလောလောဆယ် ကူညီထောက်ပံ့ ပေးနေရတဲ့ နိုင်ငံရေးအကျဉ်းသား တွေလည်း ၅ဝဝ ထက်မနည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့ပြင် မိခင်နဲ့ကလေးအတွက် အဟာရ တိုက်ကျွေးရေး အစီအစဉ်ကိုလည်း ရပ်ဆိုင်းထားသလို၊ ရုံးတွင်းရှိ ပစ္စည်း တွေလည်း စတင် သိမ်းဆည်းနေပြီလို့ သိရပါတယ်။ နောက်ပြီး လူငယ်ဖော်ဆောင်ရေး အဖွဲ့ကလည်း နယ်မြို့အသီးသီးဆီ ကွင်း ဆင်း နေတယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment