Wednesday, April 7, 2010

အာဏာပိုင်တွေ ဖိအားပေးမှုကြောင့် မန္တလေးတိုင်း အန်အယ်ဒီ ရုံးခန်းပိတ်လိုက်ရ


2010-04-05 RFA

ပြီးခဲ့တဲ့ စနေနေ့က မန္တလေးတိုင်း အင်န်အယ်ဒီရုံးကို ပိတ်လိုက်ပြီး ဆိုင်းဘုတ်ပါ ဖြုတ်လိုက်ရတယ်လို့ သိရပါတယ်၊၊ လာမယ့်ရွေးကောက်ပွဲကို အင်အယ်ဒီပါတီမဝင်တော့ဘူးလို့ ဆုံးဖြတ်ပြီးနောက်မှာ အင်အယ်လ်ဒီက ငှားရမ်းဖွင့်လှစ်ထားတဲ့ အိမ်ရှင်ကို အာဏာပိုင်တွေ ဖိအားပေးတာကြောင့် မန္တလေးအင်အယ်လ်ဒီ တိုင်းရုံးကို ပိတ်လိုက်ရတာလို့လည်း သိရပါတယ်၊

၊လွန်ခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ မန္တလေးတိုင်း အင်အယ်လ်ဒီရုံးဖွင့်ပြီး ရက်ပေါင်း ၂ဝလောက်အကြာမှာ ခုလို တိုင်းရုံးဆိုင်းဘုတ် ဖြုတ်ပြီး ရုံးကိုပါ ပိတ်လိုက်ရတာဖြစ်ပါတယ်၊၊

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ ရန်ကုန် အင်အယ်လ်ဒီရုံးချုပ်ကနေ ဒီနှစ် ကျင်းပမယ့် ရွေးကောက်ပွဲ မဝင်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ချပြီး များမကြာမီမှာပဲ သက်ဆိုင်ရာအာဏာပိုင်တွေက အိမ်ရှင်ဖြစ်သူကို ရုံးမငှားဖို့ ဖိအားပေးခဲ့ရာက မန္တလေးတိုင်း အင်အယ်လ်ဒီရုံးကို အခုလ ၃ ရက်နေ့က ပိတ်လိုက်တာလို့ မန္တလေးတိုင်း အင်အယ်လ်ဒီ ဗဟိုကော်မတီဝင် ဦးမျိုးနိုင်က အာအက်ဖ်အေကို ပြောပါတယ်၊

၊ခုလို တိုင်းရုံးပိတ်လိုက်ရပေမယ့် နောက်တလ အကြာ တပြည်လုံးမှာ ဖွင့်ထားတဲ့ အင်အယ်လ်ဒီရုံးတွေဟာ တရားမဝင် အသင်းအဖွဲ့အဖြစ် ဖျက်သိမ်းခံရတော့မှာ ဖြစ်ပါတယ်၊ ၊ဒါ့ကြောင့် အင်အယ်လ်ဒီ တိုင်းရုံးကို ဆက်ဖွင့်ဖို့ မလိုတော့ဘူးလို့လည်း ဦးမျိုးနိုင်က ပြောပါတယ်၊၊

မန္တလေးတိုင်းရုံးကို လူစည်ကားတဲ့ ၃၈လမ်း ၇၉ လမ်း ၈ဝ ကြားမှာ လွန်ခဲ့တဲ့ ၈ နှစ်ကျော် ကတည်းက တလ ၃ သိန်းနဲ့ ငှားရမ်း ဖွင့်လှစ်ထားတာပါ၊၊

၁၉၈၉ ခုနှစ်ကလည်း ဘုရားကြီးလမ်း ၄၁ လမ်းမှာ ဖွင့်ခဲ့တဲ့ အင်အယ်လ်ဒီ တိုင်းရုံးကို သာသနာပိုင် နယ်မြေဖြစ်လို့ဆိုပြီး ဖိအားပေးခံရလို့ အခုနေရာကို ပြောင်းရွှေ့ ဖွင့်ခဲ့ရတာ ဖြစ်ပါတယ်၊၊ အခုလို မန္တလေးအင်အယ်လ်ဒီတိုင်းရုံးကို ပိတ်ထားလိုက်ရပေမယ့် ကျန် မြို့နယ်ရုံးတွေကိုတော့ ဆက်လက် ဖွင့်ထားမြဲပဲလို့ သိရပါတယ်၊၊ တခိျု့ မြို့နယ်ရုံးတွေကတော့ ပါတီဝင်တွေရဲ့ နေအိမ်မှာ ဖွင့်ထားတာပါ၊၊

မကြာသေးခင် သီတင်းပတ်တွေကမှ ဒေါ်အောင်ဆန်းစုကြည် ပုံတူ ပန်းချီကားကြီးနဲ့ ပြန်လည် မွမ်းမံရေးဆွဲထားတဲ့ အင်အယ်လ်ဒီတိုင်းရုံး ဆိုင်းဘုတ်သစ်ကြီးကို ဖြုတ်ပြီး တိုင်းရုံးပိတ်လိုက်လို့ အနီးအနားက ပြည်သူတွေနဲ့ ပါတီဝင်တွေ စိတ်ထိခိုက်ကြတဲ့အကြောင်း၊ အင်အယ်လ်ဒီကို နောက်ပိုင်း ဘယ်လို ဆက်သွယ်ရမလဲဆိုတာ ဝိုင်းဝန်း မေးခွန်း ထုတ်ကြကြောင်းလည်း ဦးမျိုးနိုင်က ပြောပြပါတယ်၊၊

သူတို့အနေနဲ့ နိုင်ငံရေးကို ကျကျနန လုပ်ခွင့်မရနိုင်ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ပံ့ပိုးတဲ့အလုပ်တွေ၊ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့လည်း မန္တလေးတိုင်း အင်အယ်လ်ဒီ ဗဟိုကော်မတီဝင် ဦးမျိုးနိုင်က ပြောပါတယ်။

No comments:

Post a Comment