Saturday, July 16, 2011

Public Forum organise by JACDB, Sydney, 16-07-2011


Public Forum-Sydney, 2011


လူထုနှီးနှောဖလှယ်ပွဲ၊ ဆစ်ဒနီ
၂၀၁၁ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်
U Maung Maung Aye, MP, NLD ( 1990 Election )
Patron, Joint Action Committee for Democracy in Burma
လွှတ်တော်တွင်းနိုင်ငံရေးနှင့်လွှတ်တော်ပြင်ပနိုင်ငံရေး
လေးစားအပ်တဲ့ဒီမိုကရေစီမြတ်နိုးသူအပေါင်းတို့ခင်ဗျား -       
ယနေ့ကျနော်တင်ပြမည့်အကြောင်းအရာက မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခင်းအကျင်း ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကတော့ စစ်ကောင်စီ၊ စစ်အစိုးရနဲ့ ဒီစစ်အာဏာရှင်တွေ ကို ဆန့်ကျင်နေကြတဲ့ အင်အားစုတွေရဲ့အနေအထားကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းမှာတော့ မြင်ကွင်းကပြောင်းသွားပါတယ်။ လွှတ်တော်တွင်းနိုင်ငံ ရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး ပုံစံပြောင်းသွားတာထူးခြားချက်ဖြစ်ပါတယ်။ ဒီလိုအနေအထားဖြစ် အောင်ဖန်တီးခဲ့ကြသူတွေက န၀တ၊ နအဖ စစ်အုပ်စုဘဲဖြစ်ပါတယ်။ နအဖ ဖန်တီးထားတဲ့ လွှတ် တော်တွင်းနိုင်ငံရေးအခင်းအကျင်းကို ပထမတင်ပြပါမယ်။

(ဇယား - ၁)
ဇယား(၁)ကို ကြည့်မယ်ဆိုရင် လွှတ်တော်တွင်းနိုင်ငံရေးအခင်းအကျင်းရဲ့ လက်သည်ကစစ် အုပ်စုဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ဦးတည်ချက်က စစ်အာဏာရှင်စံနစ်ရေရှည်ခိုင်မြဲရေးဖြစ်ပြီး ဒီဦးတည် ချက်ရဲ့ အသက်သွေးကြောက ၂၀၀၈ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်ပါတယ်။ ၂၀၀၈ နာ ဂစ်ဖွဲ့စည်းပုံကိုအခြေခံတဲ့ စစ်ဗျူရိုကရေစီယန္တရားကို ကျောထောက်နောက်ခံပေးထားတဲ့ ဒေါက် တွေကတော့ ကြံ့ဖွတ်ပါတီ၊ ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီများ၊ အတုအယောင်၂၀၁၀ရွေးကောက်ပွဲ၊ အတုအယောင်လွှတ်တော၊် ကြံ့ဖွတ်စစ်အစိုးရ၊ အပစ်ရပ်အဖွဲ့အချို့၊ အခွင့်ထူးခံများနဲ့စစ်အစိုးရကို လိုလားတဲ့အင်အားစုများ၊ တို့ဖြစ်ပါတယ်။ စစ်ယူနီဖောင်းဝတ်ပြီး ၂၃ နှစ်တိုင်အုပ်ချုပ်လာရကနေ  အရပ်သားအရေခြုံ၊ အရပ်သားအစိုးရအမည်ခံပြီး ဆက်အုပ်ချုပ်နေခြင်းပါဘဲ။ လွှတ်တော်အသစ်၊ အစိုးရအသစ်ဆိုတဲ့ ဟန်ပြအခင်းအကျင်းသစ်သာ ထူးခြားလာပါတယ်။ ကြံ့ဖွတ်စစ်အစိုးရရဲ့လေး လအတွင်းလုပ်ဆောင်ချက်များအပေါ် သုံးသပ်တွေ့ရှိချက်များအရလည်း လွှတ်တော်အတွင်း နိုင်ငံ ရေးအခင်းအကျင်းရဲ့ အနှစ်သာရကတော့ စစ်အာဏာရှင်စံနစ်ပါဘဲ။ နိုင်ငံရေးအရသိသိသာသာ တိုးတက်ပြောင်းလဲမှု မရှိဘူးဆိုတာ တင်ပြချင်ပါတယ်။
          ဆက်လက်တင်ပြလိုတာကတော့ လွှတ်တော်ပြင်ပနိုင်ငံရေးဖြစ်ပါတယ်။ ဒီလွှတ်တော်ပြင်ပ နိုင်ငံရေး မှာပါဝင်နေတဲ့အင်အားစုများကတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ၂၀၁၀ရွေး ကောက်ပွဲကို လက်မခံတဲ့အင်အားစုများဖြစ်ပါတယ်။ ဒီအင်အားစုများကတော့ စစ်အစိုးရအဆက် ဆက်ကို လက်နက်ကိုင်တော်လှန်နေကြသော အဓိကတိုင်းရင်းသားအင်အားစုများအပါအ၀င် ပြည် တွင်း၊ ပြည်ပမှ ဒီမိုကရေစီအရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုက်ပွဲဝင် နေကြတဲ့ အင်အားစုများဖြစ်ပါတယ်။ ဇယား(၂)
          ၂၀၀၈ အခြေခံဥပဒေအောက်က အရပ်သားအရေခြုံ ကြံ့ဖွတ်စစ်အစိုးရကို ဆန့်ကျင်တော် လှန်နေကြသောအင်အားစုများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) ၊ တိုင်းရင်းသားအင်အားစုများ ( KNU, KIA, SSA, NMSP, KNPP, etc. ) ၊ ကျောင်းသားလူငယ်အဖွဲ့အစည်းများ၊ ရဟန်းသံဃာအဖွဲ့အစည်းများ၊ ဒီမိုကရေစီလိုလားသောပြည် တွင်းမှ နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်ပရောက်ဒီမိုကရေစီအင်အားစုများ အစရှိသည်တို့ ဖြစ်ကြသည်။
ဆက်လက်တင်ပြလိုတာက အတိုက်အခံအင်အားစုများ၏ တပ်ဦးက ရပ်တည်တိုက်ပွဲဝင်
လျက်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားရပ်တည်ချက်ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ
(၁) အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့တွေ့ဆုံဆွေးနွေးရေးမူအပေါ်မှာ အခိုင်အမာရပ်နေပါတယ်။ ဤလုပ်ငန်းစဉ်များဖော်ဆောင်ရာမှာ အကြမ်းမဖက်သည့်နည်းလမ်းများကိုသာ ကိုင်စွဲမည်ဟု ကြေ ငြာထားပါတယ်။   
- ၂၁ ရာစုပင်လုံညီလာခံခေါ်ယူရေးလုပ်ငန်းစဉ်များ
- လူထုလူတန်းစားအလွှာသီးသီးအကြား ကွန်ယက်များဖော်ဆောင်ခြင်း ( Netwoking )
- စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများ ( Capacity Building )
- Commission of Inquiry [ CoI ]
- တရားဝင်နိုင်ငံရေးပါတီတရပ်အဖြစ် ဆက်လက်ရပ်တည်ခြင်း
(၂) အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်ရာမှာ“ရွှေဂုံတိုင်ကြေငြာချက်”ပါရပ်တည်ချက်များ ကိုဆက်လက်ကိုင်ဆွဲထားပါတယ်။
- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး
- ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး
- နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေး
(၃) နိုင်ငံရေးလုပ်ငန်းစဉ်များရဲ့အောက်မှာ အစိပ်အပိုင်းတရပ်အနေဖြင့် လူမှုရေးလုပ်ငန်းများကို လည်း တိုးချဲ့လုပ်ဆောင်လျက်ရှိပါတယ်။
- သဘာဝဘေးဒုက္ခများကူညီရေး
- ပညာရေး၊ ကျန်းမာရေး အကူအညီ ( HIV/AIDS)
- နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုများအားကူညီရေး
          လက်ငင်းဖြစ်တည်နေတဲ့ အခင်းအကျင်း ကိုအကျဉ်းချုပ်တင်ပြအပြီးမှာ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ဖြစ်နိုင်ချေများကိုဆက်လက် တင်ပြပါမယ်။
(က) လက်ရှိစစ်အုပ်စု၏ အကြပ်အတည်းများ၊
(ခ) ပိုမိုဆိုးဝါးလာသောလူထု၏အထွေထွေအကြပ်အတည်း၊
(ဂ) ပြောင်းလဲလာသည့်ဆက်သွယ်ရေးနည်းပညာ၊
(ဃ) အရှေ့အလယ်ပိုင်းနှင့်မြောက်အာဖရိကမှ လူထုလှုပ်ရှားမှု၏ဂယက်၊
(င) လွှတ်တော်ပြင်ပနိုင်ငံရေးအင်အားစုများ၏ချိတ်ဆက်လှုပ်ရှားမှုများပိုမိုအားကောင်းလာမှု၊

ပြည်ပရောက်မြန်မာများ၏အခန်းကဏ္ဍ
        ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဦးဆောင်မှုအောက်တွင် စစ်အာ ဏာရှင်ဆန့်ကျင်ရေးအင်အားစုများနှင့်အတူအကွ အခိုင်အမာရပ်တည်ကြရန်ဖြစ်ပါသည်။ ဒီမိုက ရေစီလှုပ်ရှားမှုကြီးအား နိုင်ငံရေးအရ၊ ဘဏ္ဍာရေးအရ၊ စိတ်ဓါတ်ရေးရာအရ၊ နည်းပညာအရ တတ်စွမ်းသည့်အနေအထားမှ ၀န်းရံပံ့ပိုးကြရန်ဖြစ်ပါသည်။

နိဂုံးချုပ
          အထက်ဖော်ပြပါ အချက်အလက်များအရ ဒီမိုကရေစီလှုပ်ရှားမှုကြီးဟာ အကြပ်အတည်း များအတွင်းမှပင် အပြောင်းအလဲတရပ်၏လမ်းစကို မျှော်မှန်းနိုင်သည့် အချေအနေသို့ ရောက်နေပြီ ဖြစ်သည်။
          အခြားတဘက်တွင်လည်း အာရပ်ကမ္ဘာနှင့်မတူညီသည့် ပထ၀ီနိုင်ငံရေး၊ ဘာသာရေး၊ လူ မျိုးရေးနှင့် သမိုင်းနောက်ခံအချေအနေများကြောင့် အပြောင်းအလဲတရပ် အလျင်အမြန် ပေါ်ပေါက် လာရေးအတွက် တားဆီးနေသည့် ကြီးလေးသောအရာကိစ္စများ ရှိနေဆဲဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။
  


No comments:

Post a Comment