Sunday, December 16, 2012

အတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီးတွင် ပြည်ထောင်စုအစိုးရ (ကိုယ်စား) သမ္မတရုံးဝန်ကြီး ဦးလှထွန်းမှ သံဃာတော်များအား ၀န်ချ တောင်းပန် လျောက်ထား




လက်ပန်းတောင်းတောင် အရေးနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့(ကိုယ်စား) သမ္မတရုံးဝန်ကြီး ဦးလှထွန်းမှ သံဃာတော်များအား ၀န်ချတောင်းပန် လျောက်ထားပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီက မန္တလေးတောင်ခြေရှိ မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီးတွင် ပြုလုပ်ခဲ့သည်။
ဝန်ချတောင်းပန် လျောက်ထားခြင်း အခမ်းအနားကို သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သမ္မတအကြံပေး ဦးလှမောင်ရွှေ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦး သာအေး၊မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်နှင့် ရဲမှူးချုပ် ဦးကျော်ကျော်ထွန်းတို့ ပါဝင်ခဲ့သည်။အခမ်းအနားသို့ မန္တလေး၊မုံရွာ၊ပခုက္ကူစသည့် ဒေသများမှ သြ၀ါဒါစရိယ ဆရာတော်ကြီးများနှင့် လက်ပန်းတောင်းတောင်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဟန်း၊သာမဏေများ အပါး ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

ဆရာတော်ဦးဝီရသူမှ ပြည်ထောင်စုဝန်ကြီးအဖွဲ့အား ''သမ္မတရုံးဝန်ကြီးသည် နိုင်ငံတော်သမ္မတ၏ ကိုယ်စား တောင်းပန်တာဖြစ်တယ်။ သမ္မတရုံးဝန်ကြီး တောင်းပန်တဲ့စကားသည် နိုင်ငံတော်အစိုးရရဲ့ စကားဖြစ်ပါတယ်''ဟု အစချီ မိန့်ကြားပြီး ၀န်ကြီးအဖွဲ့အား ရှေ့မှတိုင်ပေးကာ  ''အရှင်ဘုရား တပည့်တော်တို့သည် မိုက်မဲသည့်အလျောက်၊ မလိမ္မာသည့်အလျောက် တွေဝေသည့်အလျောက် သံဃာတော်ကို အစိုးမရခြင်းတည်းဟူသော အကြောင်းကြောင့် ကိုယ်ထိလက်ရောက် ကျူးလွန်မိပါ၏။ အရှင်ဘုရား တပည့်တော်တို့အား သံဃာတော်များက နောင်အခါစောင့်ဆည်းခြင်းငှာ အပြစ်ကို အပြစ်အဖြစ် ရှုမြင်လျက် ကရူဏာရှေ့ထား၊ မေတ္တာအားဖြင့် ခွင့်လွှတ်တော်မှုပါဘုရား'' တိုင်ပေးကာ လိုက်လံ ဆိုခိုင်းခဲ့သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား သမ္မတရုံးဝန်ကြီး ဦးလှထွန်းမှ တောင်းပန်စကား လျောက်ထားချက်မှာ ''ရိုသေလေးမြတ်စွာ လျောက်ထားအပ်ပါသည် ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ဘုရား။   မေတ္တာတရားဖြင့် ကြွရောက် ချီးမြှင့်တော်မှုကြကုန်သော ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား အခုလို ဖူးတွေ့ခွင့်ရတဲ့အတွက်ကြောင့် မင်္ဂလာတရားတော်နှင့် ညီညွတ်ပြည့်စုံပါကြောင်း၊ တပည့်တော်နှင့်အတူ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ မြန်မာနိုင်ငံပြည်သူ့ ရဲတပ်ဖွဲ့ရဲချုပ် ဦးကျော်ကျော်ထွန်း တို့လည်း အတူတကွ လျောက်ထားအပ်ပါတယ်ဘုရား။ ဆရာတော် ကြီးများ တွေ့ဆုံလျောက်ထားရသည်မှာ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒဖော်ထုတ်မှုကိစ္စတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော သံဃာတော်များအတွက် များစွာ စိတ်မကောင်းဖြစ်ခဲ့ရပါသဖြင့် ယခုကဲ့သို့ တွေ့ဆုံ လျောက်ထားရခြင်း ဖြစ်ပါတယ် ဘုရား။ ဘုရားတပည့်တော်အနေဖြင့် မန္တလေးမြို့မှာ ဆေးကုသမှုခံယူနေသော သံဃာတော်များအား ကျန်းမာရေးဝန်ကြီးနှင့်အတူ ကြည့်ရှုတွေ့မြင်ခဲ့ပြီး ဖြစ်ပါတယ်ဘုရား။
သံဃာတော်များ ကျန်းမာရေးအတွက်လည်း အကောင်းဆုံးကုသမှုဖြင့် စောင့်ရှောက်မှုပေးရန် ယခုကဲ့သို့ သွားရောက်ကြည့်ရှုခြင်း ဖြစ်ပါသည် ဘုရား။ လိုအပ်သည့် ၀တ္ထုပစ္စည်း ဆေးဝါးများလည်း နိုင်ငံတော်က အပြည့်အ၀ တာဝန်ယူကာ ဆောင်ရွက်ပေးမည်ဖြစ် ပါကြောင်း ဆရာတော်ကြီးများအား လျောက်ထားအပ်ပါသည်ဘုရား။ ဘုရားတပည့်တော်အနေဖြင့် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီး ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ တစ်ယောက် ဖြစ်ပါတယ်။ ရတနာသုံးပါးကို ဦးထိပ်ထားပြီး သရဏဂုဏ်သုံးပါးကို တည်ဆောက်နေသူလည်း ဖြစ်ပါတယ်ဘုရား။ သံဃာတော်များ ယခုကဲ့သို့ မမျော်လင့်ဘဲ ထိခိုက်အနာတရ ဖြစ်ရခြင်းအတွက်ကြောင့် များစွာစိတ်မကောင်း ဖြစ်ရပါကြောင်း ကြွရောက်လာသော ဆရာတော် သံဃာတော်များကို ဦး ထိပ်ထားတိုင်တည်၍ သံဃာတော် အရှင်သူမြတ်တို့အား ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား တပည့်တော်မှ တောင်းပန် လျောက်ထားအပ်ပါတယ်ဘုရား။ သံဃာတော်များအနေနှင့် မိမိတို့၏ ဆွမ်းဒကာ ဒကာမများ၏ ဆန္ဒကို စာနာလိုက်လျောပြီး ယခုကဲ့သို့ သပိတ်စခန်းများတွင် ရောက်ရှိပါဝင်ခဲ့ခြင်း ဖြစ်မည်ဟု ယူဆမိပါသည်ဘုရား။ သို့ဖြစ်၍ မမျော်လင့်ဘဲ ထိခိုက် နာကျင်မှုများ ဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်ဘုရား။ ဖြစ်သင့်သည်မှာ နှစ်ဦးနှစ်ဖက် အကျေအလည် ညှိညှိနှိုင်းနှိုင်း အဖြေရှာပြီးဆောင် ရွက်လျင် ပို၍အကျိုးရှိမည်ဟု ထင်မြင် ယူဆမိပါသည်ဘုရား။ သံဃာတော်များအနေဖြင့် ယခုကဲ့သို့ ဖြစ်စဉ်ကို မကျေလည်သဖြင့် ဆန္ဒဖော်ထုတ်နေသည်ကို တပည့်တော်တို့ သိရှိရပါသည်ဘုရား။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဖြစ်သင့်ဖြစ်ထိုက်သည့်အတိုင်း ဆောင်ရွက်နိုင်ရေးအတွက် ဒေါ်အောင်းဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အများဆန္ဒအတိုင်း အခြေအနေအမှန် ဖော်ထုတ်ဆောင်ရွက်နိုင်ရန်လည်း ဖွဲ့စည်းပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ပေးလျက် ရှိပါတယ်ဘုရား။ ကော်မရှင်၏ စုံစမ်းစစ်ဆေးဆောင်ရွက်နေသည့်ကိစ္စများ လွတ်လွတ်လပ်လပ် မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရန် တပည့်တော်တို့အပါအ၀င် ပြည်သူများ သံဃာတော်များက ကူညီရန် လိုအပ်ပါတယ်ဘုရား။ သံဃာတော်များ၏ ဆန္ဒကို သိရှိပြီး ဖြစ်သဖြင့် သံဃာများ ဆန္ဒပြနေခြင်းကြောင့် ဆွမ်းဒကာ၊ ဒကာမများရော အုပ်ချုပ်သူများ၊ စီမံခန့်ခွဲသူများ၊ အများပြည်သူများအတွက် အခက်အခဲများဖြစ်မှာကို စိုးရိမ်ပူပန်မိပါသဖြင့် ဆရာတော် သံဃာတော်ကြီးများက တရားတော်နှင့်အညီ ကူညီဆောင်ရွက်ပေးကြပါရန်   လျောက်ထားအပ်ပါသည်ဘုရား။
နိဂုံးချုပ်အားဖြင့် တင်ပြလျောက်ထားလိုသည်မှာ နိုင်ငံတော်အတွင်း အများပြည်သူအားလုံး ကိုယ်စိတ်နှလုံး အေးချမ်းစေပြီး သာသနာတော်ကြီး အဓွန့်ရှည် တည်တန့်ခိုင်မြဲရေးအတွက် ဆရာဒကာ တရားတော်နှင့်အညီ မေတ္တာတရားဖြင့် ထိန်းထိန်းသိမ်းသိမ်း ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ကြခြင်းဖြင့် သာသနာ့အကျိုး တိုင်းပြည်အကျိုး သည်ပိုးဆောင် ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း တပည့်တော်မှ နိုင်ငံတော်အစိုးရ ကိုယ်စား ရိုသေလေးမြတ်စွာ ပန်ကြားအပ်ပါသည် ဘုရား''ဟု လျောက်ထား တောင်းပန်ခဲ့သည်။
ယခုကဲ့သို့ သမ္မတရုံးဝန်ကြီး ဦးလှထွန်းမှ သံဃာတော် အရှင်သူမြတ်များအား တောင်းပန်စကားများ လျောက်ထားပြီးသည့်နောက်  ဆရာတော်ကြီးများ၏ သြ၀ါဒများကိုခံယူကာ ဂဌုန်နီဆရာတော်မှ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကိုယ်စား ခွင့်လွှတ်တော်မူကြောင်းနှင့် သံဃာတော်များဖက်သို့ ခွင့်လွှတ်ကြပါက သာဓုသုံးကြိမ် ခေါ်ဆိုပေးကြပါရန် ပြန်လည်လျောက်ထားခဲ့ရာ သံဃာတော်များမှလည်း ခွင့်လွှတ်ကြောင်းဖြင့် သာဓုသုံးကြိမ် ခေါ်ဆိုပေးခဲ့ကြ ကြောင်း သိရှိရသည်။
ယခု တောင်းပန်လျောက်ထားခြင်းကို သံဃာတော်များမှ လက်ခံခဲ့ပြီးနောက် ဒဏ်ရာပြင်းထန်သော သံဃာ ၄ ပါးအား ပြည်ပတွင် သွားရောက် ဆေးကုသမှု ခံယူနိုင်ရန် ၀န်ကြီးများကို တောင်းဆိုခဲ့ပြီး သမ္မရုံးဝန်ကြီး ဦးလှထွန်းက''ဒဏ်ရာပြင်းထန်တဲ့ သံဃာလေးပါးကို ရန်ကုန်မှာ အရင်ဆုံးခေါ်ယူကုသပြီး နောက်ပိုင်း လိုအပ်သလို ဆက်လက် လုပ်ဆောင်ပေးသွားပါမယ်''ဟု သံဃာတော်များအား ပြန်လည် လျောက်ထားခဲ့သည်။
 

No comments:

Post a Comment