Friday, 30 March 2012 19:00

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအဖြစ်ဖြင့် လွတ်တော်ထဲရောက်ရှိပါက ၀န်ကြီးနေရာ တစ်နေရာအတွက် ကမ်းလှမ်းလာပါက လက်ခံရန် အစီအစဉ် ရှိပါသလား ဟု သတင်းစာ ဆရာတစ်ဦးကမေးမြန်းရာ ဒေါ် အောင်ဆန်းစုကြည်က " ၀န်ကြီးနေရာအတွက် မကမ်းလှမ်းသေးဘဲနဲ့ လက်ခံမယ် လက်မခံဘူး မပြောသင့်သေးပါဘူး။ လွတ်တော်ထဲရောက်ဖို့ လုပ်ရတာ လွယ်လွယ်လေး လုပ်ရတာ မဟုတ်ပါဘူး။ ဒါကြောင့်လွတ်တော်ထဲကလည်း ခဏလေးနဲ့ ထွက်သွားမှာလည်း မဟုတ်ပါဘူး " ဟုပြန်လည်ဖြေကြားသွားခဲ့သည်။
“ကြိုတင်မဲစာရင်းတွေကို ကော်မရှင်က ကြေညာပေးသင့်တယ်။ ထုတ်ပြန်နိုင်တဲ့ အနေအထားမျိုးရှိမယ် လို့လည်းထင် တယ်။ ကြိုတင်မဲကိစ္စက ကျွန်မတို့ခဏခဏပြောနေရတဲ့ ကိစ္စပဲ” ဟု ပြောသည်။

ထို့အပြင်ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီး အားလုံးလက်ခံနိုင်သော ထာဝရအဖြေကို ရှာရမည်ဖြစ် ကြောင်း၊ ငါးနှစ် ရပ်တန့်ရုံနှင့် မရကြောင်း ပြောဆိုသွားခဲ့ပါသည်။
“လွှတ်တော်ထဲမှာ အသံတစ်သံကတောင် တကမ္ဘာလုံးကို ပြန့်နိုင်ပါတယ်။ လူထုအသံကို တစ်ကမ္ဘာလုံးက ကြားနိုင်အောင် ကြိုးစားသွားမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။
ဒေါ်အောင်ဆနုးစုကြည်၏ လုံခြုံရေးနှင့် ပတ်သက်ပြီး စိုးရိမ်နေကြခြင်းများ ရှိသဖြင့် သီသန့်လုံခြုံရေး အစီအစဉ်များ ဆောင် ရွက်သွားရန်ရှိမရှိ မေးမြန်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က “ ကျွန်မအနေနဲ့ ပြည်သူတွေကြားထဲမှာနေတာ ဆိုတော့ လုံခြုံနေပါပြီ ၊ လုံခြုံရေးနဲ့ ပတ်သက်ပြီး သီးခြားစီစဉ်စရာ မလိုပါဘူး” ဟု ပြန်လည်ဖြေကြားသွားခဲ့သည်။
Messenger ဂျာနယ်မှ ကြားဖြတ်ရွေးကောက်ပွဲစောင့်ကြည့်မည့် မီဒီယာများကို ရွေးကောက်ပွဲကော်မရှင်နှင့် ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များမှာ မီဒီယာများအတွက် အခက်အခဲများစွာ ရှိသည်ဟု သုံးသပ်နေသည့် အပေါ် ဒေါ်အောင်ဆန်ုးစုကြည်အနေဖြင့် မည်ကဲ့သို့သုံးသပ်ကြောင်း မေးမြန်းခဲ့ရာ “ စည်းကမ်းချက်တွေက မီဒီယာ တွေအတွက် ခက်ခဲတယ်ဆိုရင် ခက်ခဲတာပေါ့ အခုရွေးကောက်ပွဲအတွက် အဲဒီအခက်အခဲကလဲ အားနည်းချက်တစ်ရပ်ပဲ ” ဟု ဒေါ်အောင်ဆန်ုးစုကြည်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဆိုင်ရာ မှားယွင်းမှုများသည် ဒီမိုကရက်တစ်ကျသည့် ရွေးကောက်ပွဲတစ်ခုက လက်ခံနိုင်သည်ထက် ကျော်လွန်နေကြောင်း၊ သို့ရာတွင် မိမိတို့ ပြည်သူများ လိုချင်နေသည့် အရာဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ရှေ့ဆက်ဆောင်ရွက် သွားရန် ဆုံးဖြတ်ထားပါကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကြားဖြတ် ရွေးကောက်ပွဲကြောင့် ပြည်သူများ၏ နိုင်ငံတွင်း နိုင်ငံရေး အသိတရား နိုးကြားမှုများ တိုးတက်နေပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ကျန်းမာရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ''သိပ်ကြီးတော့ နေမကောင်းသေးပါဘူး''ဟု ပြောကြားခဲ့ပြီး ပြည် သူများအနေဖြင့် စိတ်မပူရန် ပြောကြားခဲ့ပြီး ပြုပြင်ပြောင်း လဲရေးနှင့် ပတ်သက်၍ ကိုယ့်လမ်းကို ကိုယ်ခင်းပြီး သွားရမည် ဖြစ်ကြောင်း ပြောပါသည်။
ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲဆိုင်ရာ မတရားသော လုပ်ဆောင်မှုများ ပိုမိုများပြားလာ ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြီးခဲ့သည့် ရက်များအတွင်း သတင်းထုတ်ပြန်ခဲ့ပြီး တနင်္သာရီ တိုင်းဒေသကြီး၊ လောင်းလုံမြို့နယ် မဲဆန္ဒအတွက် ကြိုတင်မဲများကို ကောက်ယူလျက်ရှိသည်ဟု သတင်းဌာနများမှ ကြားသိနေရပါကြောင်း၊ ကြိုတင်မဲနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု ကော်မရှင်က မတ် (၃၀.၃.၂၀၁၂) ရက်မှ (၃၁.၃.၂၀၁၂) ရက်အထိတွင်သာ ကောက်ယူရန် ညွှန်ကြားချက်ကို ဆန့်ကျင်နေသည်ကို တွေ့ရှိရသည်ဟု ထုတ်ပြန်ထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတကြောင်း ပြသလို၍ မြန်မာအစိုးရသည် လာမည့်ကြားဖြတ်ရွေး ကောက်ပွဲအတွက် ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူ ၁၅၀ ကျော်ကို ဖိတ်ကြား ထားသလို ပြည်ပမီဒီယာများ ကိုလည်း ဖိတ်ကြားထားပါသည်။