Wednesday, June 29, 2011

ပါတီကို သွေးသစ်လောင်းရန် ဒေါ်စု ဆန္ဒရှိ

နယူးဒေလီ (မဇ္ဈိမ) (ကိုပေါက်)။       ။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို လူငယ်များဖြင့် သွေးသစ် လောင်းလိုကြောင်း အထက်မြန်မာပြည် ပြည်နယ်နှင့် တိုင်း ၇ ခုမှ လူငယ်များနှင့် တွေ့ဆုံစဉ် အဓိကထား ပြောဆိုခဲ့သည်ဟု ဗဟိုလူငယ်လုပ်ငန်း ဖော်ဆောင်ရေး တာဝန်ခံ (၁) ကိုမျိုးညွန့်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး အထက်မြန်မာပြည် NLD လူငယ်များနှင့် ပထမဆုံးတွေ့ဆုံပွဲကို ၂၈၊ ၆၊ ၂၀၁၁ ရက်နေ့ မနက် ၁၀ နာရီခွဲမှ ညနေ ၃ နာရီခန့်ထိ ဗဟန်းမြို့နယ်ရှိ ပါတီဌာနချုပ်တွင်ပြုလုပ်ရာ ပြည်နယ်/တိုင်း ၇ ခုမှ လူငယ် ၈၀ ကျော် တက်ရောက်ခဲ့ကြသည်။ ဓါတ်ပုံ - NLD Youth
မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းနှင့် ရှမ်း၊ ကချင်၊ ချင်း၊ ကယားပြည်နယ်တို့မှ လူငယ် ၈ဝ ကျော် တက်ရောက်သည့် အဆိုပါ တွေ့ဆုံပွဲကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ အင်္ဂါနေ့မနက် ၁ဝ နာရီခွဲမှ ညနေ ၃ နာရီအထိ
 ပြုလုပ်ခဲ့ကြသည်။ 

ပါတီအထွေထွေ အတွင်းရေးမှူးနှင့် လူငယ့်ရေးရာ တာဝန်ခံလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် အထက်မြန်မာပြည် ပါတီဝင်လူငယ်များ၏ ပထမဆုံးအကြိမ် တွေ့ဆုံပွဲ ဖြစ်သည်။

“အရိပ်အမြွက်ပေါ့။ ပါတီကို သွေးသစ်လောင်းမယ့် ပုံစံ ရှိပါတယ်။ လူကြီးတွေကိုလည်း လေးစားပြီးတော့ ဒီလူကြီးတွေ အနားယူသွားရင် သူတို့နေရာ ဝင်နိုင်အောင် အခုကတည်းက လေ့ကျင့်ပျိုးထောင်သွားဖို့ အဓိကထား ပြောသွားတာပါ” ဟု လူငယ့်ရေးရာ တာဝန်ခံ ကိုမျိုးညွန့်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ ကျနော် နားလည်မိတာကတော့ ကျနော်တို့ပါတီမှာ အောက်ခြေ အဆင့်ကနေ အသီးသီးမှာ လူငယ်တွေကို နေရာပေးဖို့၊ တာဝန်ပိုပေးဖို့ဆိုတဲ့ပုံစံကို ခင်းလာပါတယ် ” ဟု ပြောသည်။

သဘာပတိ ဒုဥက္ကဋ္ဌ ဦးတင်ဦးက လူငယ်များအနေဖြင့် လူငယ့်ရေးရာ တာဝန်ခံအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် တိုက်တွန်းခဲ့သည့် နည်းတူ လူငယ်များအနေဖြင့်လည်း ၎င်းတို့အား လက်တွဲခေါ်ယူရန် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်များ စဉ်းစားစရာ အချက်များအဖြစ် လူကြီး/လူငယ် ကွာခြားချက်များနှင့် ၎င်းကွာခြားချက်များမှာ ညှိနှိုင်း၍ရသည့် အရာများဖြစ်ကြောင်းလည်း ဆွေးနွေးသွားသည်။
 
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး အထက်မြန်မာပြည် NLD လူငယ်များနှင့် ပထမဆုံးတွေ့ဆုံပွဲကို ၂၈၊ ၆၊ ၂၀၁၁ ရက်နေ့ မနက် ၁၀ နာရီခွဲမှ ညနေ ၃ နာရီခန့်ထိ ဗဟန်းမြို့နယ်ရှိ ပါတီဌာနချုပ်တွင်ပြုလုပ်ရာ ပြည်နယ်/တိုင်း ၇ ခုမှ လူငယ် ၈၀ ကျော် တက်ရောက်ခဲ့ကြသည်။ ဓါတ်ပုံ - NLD Youth
တွေ့ဆုံပွဲသို့ ဗဟိုလူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ခံ ၂ ကိုလှဦး၊ တာဝန်ခံ ၃ ကိုအေးထွန်း၊ စည်းကမ်း ထိန်းသိမ်းရေးမှူး ကိုထွန်းဇော်၊ အုပ်ချုပ်ရေးမှူး ကိုဖြိုးငွေ၊ သတင်းပြန်ကြားရေးမှူး ကိုအောင်စိုးတို့လည်း တက်ရောက်ခဲ့ကြသည်။

လူငယ်များ၏ အခန်းကဏ္ဍ အင်အားတောင့်လာမှ အပြောင်းအလဲကို မျှော်လင့်နိုင်မှာဖြစ်ကြောင်း မန္တလေးတိုင်း လူငယ်လုပ်ငန်းဖော်ဆောင်ရေး တာဝန်ခံ ကိုဇော်ဇော်အောင်က မဇ္ဈိမကို ပြောသည်။

“လူငယ်တွေ့အခန်းကဏ္ဍက ရှေ့လျှောက်ပိုများလာမယ့်သဘောပါ။ တက်လာတဲ့ လူငယ်တွေကလည်း ဒီဟာကို အားတက်သရော ဆွေးနွေးဖြစ်ကြပါတယ်။ လူငယ်တွေရဲ့ခံစားချက်ကတော့ အလုပ်လုပ်ချင်တဲ့ အနေအထားတွေ အများကြီးရှိတာပေါ့” ဟု သူက ဆိုသည်။

ပြည်နယ်/တိုင်းမှ လူငယ်တာဝန်ခံများ အနေဖြင့် မိမိတို့သက်ဆိုင်ရာ ပြည်နယ်/တိုင်းများတွင် မြို့နယ်လူငယ် လုပ်ငန်းများ ဖွဲ့စည်းဖော်ဆောင်သွားမည်ဖြစ်သည်။

NLD တွင် ဗဟိုလူငယ်အဖွဲ့ဟူ၍ ယခင်က ရှိခဲ့ဖူးပြီး အကျပ်အတည်းများကြောင့် ပျက်ပြားသွားကာ ဗဟိုလူငယ်
လုပ်ငန်း ဖော်ဆောင်ရေးဟူ၍ ပြန်လည် ဖွဲ့စည်းလှုပ်ရှားနေကြခြင်း ဖြစ်သည်။

လူငယ်ကွန်ယက်မှာ ပါတီဝင် မဟုတ်သူ လူငယ်များနှင့် ချိတ်တွဲ လုပ်ဆောင်နိုင်ရန် အတွက် ဖြစ်ကြောင်း
 ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးသွားသည်။ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီတိုင်း၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့မှ လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဦးမည်ဖြစ်သည်။

လွန်ခဲ့သည့် မတ်လအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင် မဟုတ်သည့် လူငယ်များနှင့် တွေ့ဆုံပြီး ကွန်ယက် ဖွဲ့စည်းရေးများ စတင်လှုပ်ရှားလာခဲ့ရာ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment