Friday, February 19, 2010

အန်အယ်ဒီဗဟိုဦးစီး လျာထားချက် တင်သွင်းမှု ပြီးဆုံး

ချင်းမိုင် (မဇ္ဈိမ) ။     ။ ဗဟိုဦးစီးအဖွဲ့ CC အဖွဲ့ဝင်များ ရွေးချယ်ရန် တိုင်း/ပြည်နယ်များမှ ပေးပို့ခဲ့သည့် လျာထား စာရင်းများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ လက်ခံနေရာ ယနေ့ အပြီးသတ်ခဲ့ပြီး ဖြစ်သည်။ 

ပြည်နယ်/တိုင်း အသီးသီးမှ စုစုပေါင်း လျာထားစာရင်းမှာ ၈၁ ဦးဖြစ်ပြီး စာရင်းများကို သက်ဆိုင်ရာ တိုင်း/ပြည်နယ် ဥက္ကဌများနှင့် အတွင်းရေးမှူးများက တပါတည်း ယူဆောင်လာကာ ပေးအပ်၍ အပြန်အလှန် ဆွေးနွေးကြသည်။

“ကျနော်တို့ကတော့ မေးပါတယ်။ ရွေးချယ်တဲ့ပုံစံက ဘယ်လိုလဲ။  ဒီမိုကရေစီ ကျင့်စဉ်နဲ့ ညီညွတ်ရဲ့လား ချထားတဲ့မူ ၅ ချက်နဲ့ ကိုက်ညီလား မကိုက်ညီလားပေါ့” ဟု ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေ က မဇ္ဈိမကို ပြောသည်။

ရွေးချယ်ကောက်ယူရာတွင် ဒီမိုကရေစီပုံစံ မကျခြင်း၊ လစ်ဟာနေသည့် ခရိုင်များတွင် ဗဟိုဦးစီးများ ကျန်ခဲ့မည်ကို စိုးရိမ်ခြင်း၊ ပြန်ရွေးချယ်ပေးရန် တောင်းဆို ထောက်ပြနေခြင်းများ ရှိကြောင်းလည်း ဦးခင်မောင်ဆွေက ဆက်ပြောသည်။

“ချင်းတောင်လိုဟာမျိုးဆိုရင် ဖုန်းဆက် ခေါ်တော့လည်း မလာနိုင်ဘူးလေ။ လာနိုင်တဲ့လူတွေပဲ ခေါ်ပြီးတော့ ရွေးချယ်ပြီးတော့ကာ ကျန်တဲ့ဟာတွေကို ဖုန်းဆက်ပြီးတော့ အကြောင်းကြားပြီးတော့ အတည်ပြုတဲ့ သဘောတွေ ရှိပါတယ်” ဟု သူက ပြောသည်။ 

မြို့နယ်များမှ ပေးပို့လာသော သဘောတူညီမှုများ၊ မကျေလည်မှုများ၊ ကန့်ကွက်စာများ၊ သဘောထား ကွဲလွဲချက်များကိုလည်း ဖတ်ကြား ဆွေးနွေးခဲ့ပြီး လာမည့် ဗဟိုအလုပ်အမှုဆောင် CEC အစည်းအဝေးတွင် တခုချင်း စီစစ်၍ အတည်ပြု ထုတ်ပြန်ပေးသွားမည်ဟု သိရသည်။ 

ဗဟိုအလုပ်မှုဆောင် တွဲဘက်သဘာပတိ ဦးဝင်းတင်က “အားနည်းချက်တွေရှိတယ်ဆိုတာ မှန်တယ်ဗျ။ ရှင်းရှင်းပြောရရင် ကျနော်တို့စီမှာလည်း ဒီလိုရွေးချယ်တင်မြောက်တဲ့ ဓလေ့ကလည်း ဒီနေ့အထိ အနှစ် ၂၀ သာ ကျော်လာတယ် NLD မှာ မရှိသေးဘူးဗျ” ဟု မဇ္ဈိမကို ပြောသည်။ 

ပဲခူးတိုင်း ရွေးချယ်မှုကို တိုင်းအတွင်းရှိ တောင်ငူ၊ ပေါင်းတည်၊ နတ္တလင်းမြို့တို့မှ မကျေလည်မှု၊ ကန့်ကွက်မှုများ ရှိကြောင်းလည်း မဇ္ဈိမက စုံစမ်းသိရှိရသည်။ 

ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေး ဆုံးဖြတ်ရန် လျာထားစာရင်းကို ယခင်လ ၂၇ ရက်ထုတ် သတ်မှတ်မှု ၅ ချက်နှင့် ချိန်ထိုး၍ လျှော့ခြင်း၊ တိုးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ လုပ်ငန်းလိုအပ်ချက်အရ ပါဝင်သင့် ပါဝင် ထိုက်သော ပုဂ္ဂိုလ်များကို ထည့်သွင်းနိုင်ခြင်းတို့အတွက် CEC အဖွဲ့မှ မကြာမီ ဆွေးနွေးကြ တော့မည်ဖြစ်သည်။


လျာထားစာရင်းများအား ညှိနှိုင်း လက်ခံခြင်းကို ယမန်နေ့မှ စတင်ခဲ့ရာ တိုင်း/ပြည်နယ် ၁၁ ခုထိသာ ဆွေးနွေးနိုင်ခဲ့ပြီး ရန်ကုန်တိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့ကို ယနေ့ ဆက်လက် ဆွေးနွေးဖြစ်ခဲ့သည်။


ပုံမှန်အားဖြင့် ပါတီတွင် သြဇာတိက္ကမအကြီးဆုံးဖြစ်သော ဗဟိုဦးစီး CC မှတဆင့် ဗဟိုအလုပ်မှုဆောင် CEC ကို ရွေးချယ်တင်မြှောက်ရသော်လည်း အန်အယ်ဒီအနေဖြင့် CEC ကို အရင် တိုးချဲ့ဖွဲ့စည်းခဲ့ရသည်။


၁၉၉ဝ ခုနှစ်အတွင်းစတင်ဖွဲ့စည်းစဉ်က CC အဖွဲ့ဝင် ဦးရေ ၈ဝ ရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင် အများအပြားကို အာဏာပိုင်များက ဖမ်းဆီးခဲ့သဖြင့် လုပ်ငန်းမဖော်ဆောင်နိုင်ဘဲ ဖြစ်ခဲ့ရသည်။

No comments:

Post a Comment