Saturday, February 27, 2010

ဒီပဲယင်းဖြစ်ရပ်သည် နိုင်ငံရေးလှုပ်ကြံမှုဟု ဦးတင်ဦးပြောကြား

(ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖေါ်ပြပါသည်)
NEJ / ၁၄ ဖေဖော်ဝါရီ၂၀၁၀
ဖေဖော်ဝါရီ (၁၃) ရက်နေ့ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ည (၁၀) ခန့်တွင် သွားရောက်တွေ့ဆုံ စကားပြောဆိုခဲ့သည့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်အား ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းကာ ဦးဝင်းတင်၏ ပြန်လည်ပြောကြားချက်များကို တင်ပြထားပါသည်။

ပထမဆုံး ကျနော်ပြောချင်တာကတော့ သူ့ကျန်းမာရေးအခြေအနေကောင်းပါတယ်တဲ့။ သူ့မှာ မျက်စိထဲကနေ သွေးယိုတာပေါ့ဗျာ။ အဲဒါရှိတာက အပ သူ့ကျန်းမာရေး ကောင်းပါတယ်တဲ့။ ကျနော်လည်း ၀မ်းသာရတာပေါ့ဗျာ။

နောက်တခုက သူပြင်ပနိုင်ငံရေးတွေနဲ့ပတ်သက်ပြီး in touch ဖြစ်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သူ့အိမ်မှာ စလောင်းတို့ဘာတို့ ရှိနေတဲ့အခါကျတော့ ပြည်သူလူထုက လွှင့်တဲ့ဟာတွေရော၊ အာအက်ဖ်အေတို့ ဗွီအိုအေတို့ ဘာတို့က လွှင့်တာတွေရော မပြတ်နားထောင်နေပြီးတော့ ပြည်ပနိုင်ငံရေးကို သိရှိနေပါတယ်တဲ့။ တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ ရပ်တည်ချက်တွေကိုလည်း သူကောင်းကောင်းသဘောပေါက်တယ်လို့ ပြောသွားပါတယ်။ ဦးတင်ဦးဟာ နိုင်ငံရေးနဲ့ မပြတ်မလပ် မကင်းမကွာ ရှိနေတယ် ဆိုတာ သိရပါတယ်။

ဦးတင်ဦး၏ စိတ်ဒဏ်ရာ ဒဏ်ချက်များ

(ဧရာဝတီမှ ကူးယူဖေါ်ပြပါသည်)
Wednesday, 24 February 2010 15:59 ဧရာဝတီ
 မကြာသေးခင်က စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ် ချထားရာမှ ပြန်လည် လွတ်မြောက် လာသည့် အသက် (၈၃) နှစ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးတင်ဦး၏ နိုင်ငံရေး အတွေ့အကြုံများ၊ အနာဂတ် အမြော် အမြင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည်များကို ဧရာဝတီ မဂ္ဂဇင်းက ဆက်သွယ် မေးမြန်း၍ ဖော်ပြလိုက် ပါသည်။



ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် အတူ ဖမ်းဆီးခံခဲ့ရပြီး ၇ နှစ်နီးပါး ထိန်းသိမ်း ခံခဲ့ရသူ ဖြစ်သည်။
၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုကာလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တဦးလည်း ဖြစ်သည်။


ဦးတင်ဦး (ဓာတ်ပုံ - အေပီ)
မေး။     ။ ဒီပဲယင်း အရေးအခင်းပြီးတော့ အဘတို့ အထိန်းသိမ်းခံရတဲ့ ဖြစ်စဉ်ကို ပြောပြပေးပါ။
 

ဖြေ။     ။ သြော်...ဒီပဲယင်းနောက်ပိုင်းမှာ ပထမက   ဒီပဲယင်းရဲအချုပ်ထဲမှာနေရတာ ပေါ့လေ။ ရဲအချုပ်ထဲမှာနေလိုက်ပြီးတော့ နောက်သူတို့က ကလေးထောင်ကိုပို့လိုက်တယ်။ ကလေးထောင်ကြတော့ သူတို့တခါတည်း အလုံပိတ်အခန်းထဲ တန်းထည့် လိုက်တယ်။ တယောက်တည်းပေါ့၊ အခန်းပိတ်ပေါ့။ အဲလိုနေရတဲ့သဘောပေါ့။ အဲတော့ဘယ်လိုချုပ်တယ်။ ဘယ်လိုဖမ်းတယ် ဆီးတယ်ဆိုတာကတော့ ဘာမှမပြောဘူး။ အဲသူတို့ပြောသံကြားတာကတော့ ရမန်ယူပြီးတော့ချုပ်တယ် ပြောတာပဲ။ အဲတော့ ရမန်ယူမယ်ဆိုရင်လည်းပဲ ရက်ပေါင်းအကုန်လုံးအပြည့်ဆိုရင်လည်း ၃၀ ပေါ့။ ဒါပေမယ့်လို့ ၃၀ ကျော်သွားပြီးနေလိုက်ရတာ အားလုံး ၈ လနေလိုက်ရတယ်။ အဲတော့နေတာထိုင်တာ ကျွေးတာမွေးတာကတော့ ကောင်းကောင်းမွန်မွန်ပါပဲ၊ ကောင်း ကောင်းမွန်ဆိုတာကလည်း အဲဒီမှာကျွေးတာကိုပဲနည်းနည်းကောင်းအောင်ပြုပြင်ပြီးတော့ ကျွေးတာပေါ့လေ။ အဲတော့အဲဒီလို အနေနဲ့တော့ အစားအသောက်အနေနဲ့တော့ မဆိုးပါဘူး။  နောက်ပြီးတော့လိုတာပြုတာရှိရင် တောင်းရင် ပေးလိုက်ပါလို့ လူကြီးတွေကမှာလိုက်တယ်တဲ့ အဲတော့ တောင်းရင်တော့ပေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အမှု တရားရုံးချုပ် ငြင်းပယ်

(ဧရာဝတီမှ ကူးယူဖေါ်ပြပါသည်)
Friday, 26 February 2010 12:04 ကိုထွေး

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရမှု အယူခံအတွက် ဒီဇင်ဘာလတွင် တင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို ဗဟိုတရားရုံးချုပ်က ယနေ့ ငြင်းပယ် လိုက်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။ အယူခံလွှာ တင်သွင်းရန် အဆင့်တခု ရှိသေးသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။  ဦးဉာဏ်ဝင်းက “အစိုးရက တက်တဲ့ ပြင်ဆင်မှုကို လက်ခံတယ်၊ ကျနော်တို့ ဘက်က တက်တဲ့ ပြင်ဆင်မှု ၂ ခုလုံးကို ပယ်လိုက် ပါတယ်၊ အထူး အယူခံဝင်ဖို့ ကျနော်တို့ စပြီးတော့ ဆောင်ရွက် တော့မှာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းကြည်နှင့် အတူ ထိန်းသိမ်း ခံနေရသည့် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့၏ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကိုလည်း ငြင်းပယ် လိုက်ကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းတွင် တရားရုံးက စီရင်ချက်ချမှုကို ရန်ကုန်အခြေစိုက် ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်၊  သြစတြေးလျနိုင်ငံတို့မှ သံအမတ်ကြီးများက တက်ရောက် နားထောင်ကြသည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ဥရောပ သံတမန်များနှင့် NLD ခေါင်းဆောင်များတွေ့

(ဧရာဝတီမှ ကူးယူဖေါ်ပြပါသည်)
Friday, 26 February 2010 18:30 ကိုထွေး
ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများမှ သံတမန်များသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များနှင့် ယနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံပြီး ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သဘောထားကို မေးမြန်းကြကြောင်း သိရသည်။ ရန်ကုန် အခြေစိုက် ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ နော်ဝေ၊ အီတလီ သံတမန် များသည် အမေရိကန် သံတမန်များနှင့် အတူ ရန်ကုန်ရှိ NLD ရုံးသို့ သွားရောက်ပြီး ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေတို့နှင့် ၁ နာရီ ကျော် ဆွေးနွေးခဲ့သည်ဟု သိရသည်။ “ဥရောပ ပါလီမန်က ရွေးကောက်ပွဲ နီးလာတဲ့ အခါမှာ သူတို့ အနေနဲ့ ဘယ်လို ဆောင်ရွက် ပေးနိုင်မလဲပေါ့၊ ကျနော်တို့ကို ထောက်ခံ အားပေး နေပေမယ့် ပါတီ သဘောထားက ဘယ်လို ပြက်ပြက် ထင်ထင် ရှိတယ် ဆိုတာ သိရင် သူတို့ဘက်က ဘာတွေ ကူညီနိုင်မလဲ ဆိုတဲ့ အနေ အထားနဲ့ လာတာပါပဲ” ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။

ယခုနှစ်အတွင်း စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲကို ၀င်ရေး၊ မ၀င်ရေးနှင့် ပတ်သက်၍ “ဆုံးဖြတ်ရန် အချိန် မကျသေး” ဟူသော ဒေါ်အောင်ဆန်းစုကြည်၏မူကို NLD က ကိုင်စွဲထားသည်ဟု ပြန်လည် ဆွေးနွေးခဲ့ကြောင်း သူက ရှင်းပြသည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) အဖွဲ့ဝင်များ စုံညီ တွေ့ဆုံပြီးမှ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း၊  ဒေါ်အောင်ဆန်းစုကြည် နှင့် CEC တွေ့ဆုံရန် အရေးကြီးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံရန် ပိုမို အရေးကြီးကြောင်း ဦးခင်မောင်ဆွေက ပြောသည်။


NLD ဗဟို ဦးစီးအဖွဲ့ဝင် အပြီးသတ်ရွေးချယ်

(ဧရာဝတီမှ ကူးယူဖေါ်ပြပါသည်)
Thursday, 25 February 2010 18:17 ကိုထွေး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဗဟိုဦးစီး အဖွဲ့ဝင် ၁၀၀ နှင့် အရန် အဖွဲ့ဝင် ၈ ဦးကို ယနေ့ ရွေးချယ် လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်များမှ စတင်၍ ပြည်နယ်နှင့် တိုင်းအသီးသီးမှ ရွေးချယ်လာသော လူစာရင်းများကို CEC အဖွဲ့သို့ တင်ပြ သော်လည်း ယနေ့မှသာ အပြီးသတ် ရွေးချယ်နိုင်ခဲ့ ကြောင်း NLD ဗဟိုကော်မတီ အဖွဲ့ဝင်(CEC) ဒေါက်တာ ၀င်းနိုင်က ပြောသည်။


“နာမည် တွေကတော့ တရားဝင် မထုတ်ပြန် သေးဘူး၊ မကြာခင် ထုတ်ပြန် မှာပါ၊ ပြည်နယ်နဲ့ တိုင်းက တင်ပြတာကို အခြေခံပြီး ရွေးတာပါ၊ တချို့တင်ပြ ထားတဲ့ အထဲက CEC က ပယ်သင့်တဲ့ လူတွေကို ပယ်တယ်” ဟု ဒေါက်တာ ၀င်းနိုင်က ဆိုသည်။

Friday, February 19, 2010

ဦးတင်ဦး ပြန်လည်လှုပ်ရှားပြီ

Monday, 15 February 2010 19:54 ဧရာဝတီ 
စနေနေ့က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦးသည် မူလလုပ်ငန်းများ  ပြန်လည် လုပ်ဆောင်ရန် အဖွဲ့ချုပ်ရုံးသို့ ယနေ့ ရောက်ရှိလာသည်။


NLD ရုံးသို့ ယနေ့ ရောက်လာသော ဦးတင်ဦး (ဓာတ်ပုံ - AP)
















နံနက် ၁၁ နာရီတွင် ဗဟန်း မြို့နယ်ရှိ NLD ရုံးသို့ ရောက်လာသော ဦးတင်ဦးကို အဖွဲ့ဝင် ၁၀၀ ကျော်က “ဘဘ ဦးတင်ဦး ကျန်းမာပါစေ” ဟု ကြွေးကြော်ကာ ပန်းကုံးစွပ်ပြီး ကြိုဆိုကြသည်။

ဦးတင်ဦး ရုံးတက်မည် ဆိုသော သတင်း ရသဖြင့် NLD ရုံးသို့ သံတမန်များ၊ သတင်းထောက်များ ရောက်လာ သည်ကို တွေ့ရသည်။ ကျန်းမာရေး ချွတ်ယွင်းနေသော ဦးလွန်းတင်လည်း ရောက်ရှိလာသည်။


ထိန်းသိမ်းခံရပြီး ပြန်လည် လွတ်မြောက် လာသော ဦးတင်ဦးကို လွန်ခဲ့သည့် ၇ နှစ်ခန့်က ကဲ့သို့ပင် အားမာန် အပြည့်ဖြင့် NLD ရုံးတွင် ပြန်လည် တွေ့မြင်ရခြင်း ဖြစ်သည်။

“ရှေ့ကို အောင်မြင်အောင် ဆောင်ရွက်ပါမယ့်၊ ဒီမိုကရေစီ အင်အားစုများကလည်း ၀ိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း ပြောဆိုချင်ပါတယ်” ဟု ဦးတင်ဦးက ဆိုသည်။

အန်အယ်ဒီဗဟိုဦးစီး လျာထားချက် တင်သွင်းမှု ပြီးဆုံး

ချင်းမိုင် (မဇ္ဈိမ) ။     ။ ဗဟိုဦးစီးအဖွဲ့ CC အဖွဲ့ဝင်များ ရွေးချယ်ရန် တိုင်း/ပြည်နယ်များမှ ပေးပို့ခဲ့သည့် လျာထား စာရင်းများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ လက်ခံနေရာ ယနေ့ အပြီးသတ်ခဲ့ပြီး ဖြစ်သည်။ 

ပြည်နယ်/တိုင်း အသီးသီးမှ စုစုပေါင်း လျာထားစာရင်းမှာ ၈၁ ဦးဖြစ်ပြီး စာရင်းများကို သက်ဆိုင်ရာ တိုင်း/ပြည်နယ် ဥက္ကဌများနှင့် အတွင်းရေးမှူးများက တပါတည်း ယူဆောင်လာကာ ပေးအပ်၍ အပြန်အလှန် ဆွေးနွေးကြသည်။

“ကျနော်တို့ကတော့ မေးပါတယ်။ ရွေးချယ်တဲ့ပုံစံက ဘယ်လိုလဲ။  ဒီမိုကရေစီ ကျင့်စဉ်နဲ့ ညီညွတ်ရဲ့လား ချထားတဲ့မူ ၅ ချက်နဲ့ ကိုက်ညီလား မကိုက်ညီလားပေါ့” ဟု ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေ က မဇ္ဈိမကို ပြောသည်။

ဒေါ်စုလွတ်ရေးကိစ္စ အန်အယ်ဒီက ကုလသံကို တင်ပြ

ချင်းမိုင်၊ နယူးဒေလီ (မဇ္ဈိမ)။     ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် လိုအပ်ကြောင်း ကုလသံတမန် မစ္စတာ ကွင်တားနားကို အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် CEC က ယနေ့ ပြောဆိုလိုက်သည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မဖြစ်မနေ ပြန်လွှတ်ပေးဖို့ လိုအပ်ကြောင်း အန်အယ်ဒီ CEC အဖွဲ့ဝင် ၅ ဦးက ကုလသံတမန်ကို ရန်ကုန် မြရိပ်ညို ရွိုင်ရယ်ဟိုတယ်၌ ယနေ့ ညနေပိုင်းတွင် တနာရီကြာ တွေ့ဆုံခွင့် ရရှိခဲ့စဉ် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။


''ဒေါ်အောင်ဆန်းစုကြည် လွတ်ရေးကို ကျနော်တို့ ပြောတယ်၊ တောင်းဆိုပါတယ်။ လွတ်ရေးအတွက် တောင်းဆိုသွားဖို့ လိုအပ်ပါတယ်လို့ ကျနော်တို့ ပြောလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရာအတွက် တိုက်တွန်းပါတယ်ဆိုတဲ့အခါ သူ့အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ပါတယ်လို့ ပြောပါတယ်'' ဟု ယနေ့ တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သည့် အန်အယ်ဒီ CEC အဖွဲ့ဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ကွင်တားနားနှင့် NLD ဆွေးနွေးမည်

ချင်းမိုင် (မဇ္ဈိမ)။    ။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် သောမတ်စ် အိုဂျေး ကွင်တားနားနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ဦးဆောင်သည့်အဖွဲ့တို့ ယနေ့ညနေတွင် တွေ့ဆုံမည်။ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေမှတဆင့် အကြောင်းကြားလာသော တွေ့ဆုံခွင့်အရ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်းတို့ ပါဝင်ဆွေးနွေးမှာ ဖြစ်သည်။ မစ္စတာကွင်တားနားက အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုထားသော်လည်း စစ်အစိုးရက အကြောင်းပြန်ခြင်း မရှိသေးကြောင်း သိရသည်။ ကုလသံတမန်သည် ယနေ့ နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ပြန်ရောက်မည်ဖြစ်ပြီး အင်းစိန်ထောင်သို့ သွားမည့် အစီအစဉ်လည်း ရှိနေသည်။ အင်းစိန်ထောင် အတွင်းအပြင် လုံခြုံရေးများ ချထားပြီး ထောင်တွင်းသို့ စုစုပေါင်း အင်အား  ၃ဝ ကျော်ရှိ လုံထိန်းကား ၂ စီး ယနေ့မနက်က ဝင်သွားသည်ကို တွေ့လိုက်ရကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။