Showing posts with label December 17. Show all posts
Showing posts with label December 17. Show all posts

Tuesday, December 21, 2010

Q & A with Daw Aung San Suu Kyi, RFA


“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”
လွတ်လပ်တဲ့အာရှအသံမှ စီစဉ်တင်ဆက်သော
အပတ်စဉ် အမေး အဖြေ အစီအစဉ် (ဒီဇင်ဘာ ၁၇ရက်၊ ၂၀၁၀)

မေးခွန်းမေးသူ။   ။ ကိုမောင်ကျော် (ကနေဒါနိုင်ငံ)
Q: ဗမာပြည်ကွန်မြူနစ်ပါတီဆိုတာ ဒီ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အတွင်းရေးမှူးအဖြစ်နဲ့ စတင်ထူထောင်ခဲ့တဲ့ အဖွဲ့အစည်းကြီး တခုဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကြီးဟာ မြန်မာ့လွတ်လပ်ရေး သမိုင်းတလျှောက်လုံးမှာ တောက်လျှောက် ဦးဆောင်ခဲ့ပြီးတော့ ဒီ ကျနော်တို့ ၁၉၄၈ခုနှစ်မှာ မြန်မာနိုင်ငံသမိုင်းရဲ့ အလှည့်အပြောင်း ကံကြမ္မာဆိုး တခုအနေနဲ့ ပြည်တွင်းစစ်ကို မလွှဲမရှောင်သာဘဲအတွက် ဖြစ်ခဲ့ရတဲ့အချိန်မှာ ဗမာပြည် ကွန်မြူနစ်ပါတီဟာ တောခိုသွား  ခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျနော် အခု အန်တီစုကနေပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို တည်ဆောက်နေတဲ့ အချိန်မှာ ကျနော်တို့ သိသလောက် NLDနဲ့ အန်တီစုဟာ ဒီမိုကရေစီ ရေးအတွက် ဆိုလို့ရှိရင် ဘယ်ပါတီ၊ ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မဆို လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ ကျနော်တို့ ကြားသိရပါတယ်။ သို့အတွက်ကြောင့် အန်တီစုတို့ အနေနဲ့ ဒီ အားလုံး ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မဆို စောစောက ပြောသလိုမျိုး ဗကပနဲ့ပဲဖြစ်ဖြစ် အတူလုပ်ဖို့ အဆင်သင့်ရှိမရှိ၊ ဒီမိုကရေစီ ရပြီးနောက်ပိုင်းမှာကော ဗမာပြည် ကွန်မြူနစ်ပါတီကို တရားဝင်ပါတီ အနေနဲ့ အသိအမှတ်ပြုမယ်လို့ ရှိမရှိ သိချင်ပါတယ်ခင်ဗျား။ 
A: ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို တည်ဆောက်နေတဲ့ အချိန်ဆိုတာဟာ အတိတ်ကို ပြန်ကြည့်တာထက် အနာဂတ်ကို ရှေ့ရှုရမယ့် အချိန်ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီအချိန်မှာ ဆိုလို့ရှိရင် ဘယ်ပါတီ၊ ဘယ်အစုအဖွဲ့ တခုအတွက်နဲ့တင် မဟုတ်ဘဲနဲ့ အားလုံးအတွက်၊ တနိုင်ငံလုံးမှာ ရှိတဲ့ အစုအဖွဲ့တွေ အားလုံး အတွက် လုပ်ရမယ့်အချိန် ဖြစ်လို့ အစုအဖွဲ့တွေ အားလုံးက ဒီလို အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ရရှိနိုင်ဖို့အတွက် ဘာလုပ်ပေးနိုင်သလဲဆိုတာ ဝိုင်းပြီးတော့ စဉ်းစားပေးစေချင်ပါတယ်။ ဒီမိုကရေစီရပြီး၊ လူ့အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ ရပြီဆိုလို့ရှိရင် အစုအဖွဲ့ အားလုံးဟာ သူတို့ရသင့်တဲ့ အခွင့်အရေးတွေလဲ ရမှာပါ။ ဒါဟာ ကွန်မြူနစ်ပါတီရယ်လို့၊ ဘယ်ပါတီ ရယ်လို့၊ မဟုတ်ပါဘူး။ အားလုံးအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဟာ ပိုပြီးတော့ လုံခြုံမှုပေးမှာပါလို့ ကျမပြောပါရစေ။